အပြစ်ကင်းတဲ့ ‘သူတော်စင်မဟုတ်’ပေမယ့် ပိုကောင်းလာအောင် ကြိုးစားနေသူဟု မက်ဒရစ်စူပါဖလားသူရဲကောင်း ဗီနီစီယပ်စ် ပြော

AFP

တနင်္ဂနွေနေ့က ဆော်ဒီအာရေးဗီးယားမှာကစားသွားခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ရီးယဲလ်မက်ဒရစ်တို့ဟာ ဗီနီစီယပ်စ် ဂျူနီယာရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့အတူ ပြိုင်ဘက် ဘာစီလိုနာကို ၄-၁ နဲ့ ဂိုးပြတ်ချေမှုန်းခဲ့ပါတယ်။ ဗီနီစီယပ်စ်က အသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့နောက် သူဟာ ပြီးပြည့်စုံနေသူ မဟုတ်သလို အပြစ်အနာဆာကင်းနေတဲ့ သူတော်စင်တယောက်လည်း မဟုတ်ကြောင်း ဝန်ခံခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဘရာဇီးလ်တောင်ပံကစားသမားဟာ dribble တွေလုပ်ပြမှုနဲ့အတူ ပြိုင်ဘက်တွေကို အရှက်တကွဲဖြစ်စေသလို ပွဲကြီးကြပ်သူတွေနဲ့ ထိပ်တိုက်တွေ့ဆုံလေ့ရှိပါတယ်။ ပြစ်ဒဏ်ကျူးလွန်အောင် လဲကျလွယ်စေတယ်ဆိုပြီး သူ့ကို ပြိုင်ဘက်တွေက မကြာခဏ ပြစ်တင်ဝေဖန်လေ့ရှိပါတယ်။

ဘာစီလိုနာနောက်ခံလူ အာရာဂျိုဟာ ဗီနီစီယပ်စ်အပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ နှစ်ကြိမ်စလုံးအတွက် အဝါကတ်နှစ်ကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ကွင်းလယ်ကစားသမား ဆာဂျီ ရောဘတ်တိုအပါအဝင် ဘာစီလိုနာရဲ့ အရန်ခုံတန်းက ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ဒုတိယပိုင်းမှာ ဗီနီစီယပ်စ်အပေါ် မကျေလည်မှုတွေကို တုံ့ပြန်ပုံပြခဲ့ပါတယ်။

“မီဒီယာထက်ကနေ တက်လာမယ်ဆိုတာ သူတို့တွေ သိထားတာကြောင့် အားလုံးက ကျနော်နဲ့ ရန်တွေ့ချင်တာဆိုတော့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်”လို့ ဗီနီစီယပ်စ်က ပွဲအပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ကျနော့်အသင်းဖော်တွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပြဖို့ ပွဲအပေါ် အာရုံစိုက်ထားနိုင်အောင် ကြိုးစားပါတယ် (ဒါပေမယ့်) ကျနော်ဟာ အပြစ်ကင်းတဲ့ သူတော်စင်တယောက်မဟုတ်ပါဘူး၊ တခါတခါမှာ စကားအလွန်အကျွံပြောတတ်တယ်၊ dribble မလုပ်သင့်ပေမယ့် ပိုကောင်းလာဖို့အတွက်နဲ့ ကျနော် ဒီမှာရှိနေတာပါ။

“ကျနော်က တိုးတက်လာချင်တာပါ၊ ကျနော် ဘာလုပ်ရမယ်ဆိုတာ အသင်းဖော်တွေနဲ့ နည်းပြက ပြသပေးနေပါတယ်။”

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဗီနီစီယပ်စ်ဟာ ပင်ပန်းနေခဲ့တာကြာင့် ပွဲချိန်နောက်ဆုံးပိုင်းမှာ သူ့ကို လူစားလဲခဲ့ရတာဖြစ်ကြာင်း ပြောပါတယ်။

“ပြဿနာတွေကို ရှောင်ရှားဖို့အတွက်နဲ့ မဟုတ်ဘဲ ဗီနီစီယပ်စ်ရဲ့ အားထုတ်မှုအပေါ်မူတည်ပြီး ကျနော် သူ့ကို လူစားလဲခဲ့တာပါ”လို့ အီတလီသားနည်းပြကြီးက သတင်းထောက်တွေကို ပြောပါတယ်။

“သူ့ကို နောက်ဆုံး ၁၀ မိနစ်မှာ လူစားလဲခဲ့တယ်။ ဗီနီစီယပ်စ်က သူ့အလုပ် သူလုပ်သွားတာပါ။ ဒါက လူတွေကို စိတ်လှုပ်ရှားဖို့နဲ့ ဆုဖလားတွေ ရီးယဲလ်ဆီ ယူဆောင်လာပေးဖို့ပါပဲ”

မနှစ်က စူပါဖလားဖိုင်နယ်ရှုံးကြွေးဆပ်ဖို့ ရီးယဲလ်မက်ဒရစ်ဟာ ကက်တလန်အသင်းကို လက်စားချေရင်း ဗီနီစီယပ်စ်ဟာ ကွင်းထဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

ဘရာဇီးလ်ကစားသမားရဲ့ ဟက်ထရစ်ဂိုးဟာ ဘာစီလိုနာနဲ့ ရင်ဆိုင်ရာမှာ သူ့ရဲ့သွင်းဂိုးကို နှစ်ဆအထိ တိုးလာစေခဲ့ပြီး အခုဆိုရင် ၁၆ ပွဲတွေ့ဆုံမှုမှာ ခြောက်ဂိုးအထိ ရှိလာတာဖြစ်ပါတယ်။

ဗီနီစီယစ်ဟာ သူ့ရဲ့ ပထမဆုံးသွင်းဂိုးကို ဆော်ဒီအာရေးဗီးယားမှာ ကစားနေတဲ့ ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်းနဲ့ ကလပ်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။

“ဒီအောင်ပွဲခံပုံက ခရစ္စအတွက်ပါ၊ သူက ကျနော့်ရဲ့ idol ဖြစ်တာကြောင့်ပါ။ ပြီးတော့ သူဟာ အခု ဒီနိုင်ငံမှာ ကစားနေတာပါ။”လို့ ဗီနီစီယပ်စ်က ပြောပါတယ်။

“ဆော်ဒီအာရေးဗီးယားက လူတွေက ကျနော်အပေါ် အထူးချစ်မြတ်နိုးကြပြီး ဒီနေ့ ကျနော် လုပ်ပြနိုင်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။

“ဘာစီလိုနာကို ၄-၁ နဲ့အနိုင်ရဖို့ဆိုတာက အရမ်းခက်ခဲပါတယ်၊ ဒီနေ့ ကျနော်တို့မှာ ပြီးပြည့်စုံလုနီးပါးပွဲတပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။”