အမျိုးသမီးဘောလုံးလောကမှာ ACL ဒဏ်ရာများဆိုင်ရာ သုတေသနကို စတင်လုပ်ဆောင်

By PKThawn

ဒူးခေါင်းရဲ့ အဓိကအရွတ်တခုဖြစ်တဲ့ ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲဒဏ်ရာ ကာကွယ်မှုကို သုတေသနပြုဖို့ ဆန်းသစ်တဲ့ စီမံကိန်းတခုကို အင်္ဂလန်အမျိုးသမီးစူပါလိဂ်မှာ အင်္ဂါနေ့က စတင်ခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအသင်း (PFA) နဲ့ FIFPRO တို့က ရန်ပုံငွေထောက်ပံ့ဖို့အတွက် Nike နဲ့ Leeds Beckett တက္ကသိုလ်တို့နဲ့အတူ ပူးပေါင်းခဲ့ကြပါတယ်။

သုတေသနပြုချက်တွေအရ အဆိုပါဒဏ်ရာတွေဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ နှစ်ဆမှ ခြောက်ဆခန့် ပိုမိုဖြစ်ပွားနိုင်ပေမယ့် ပရော်ဖက်ရှင်နယ် အမျိုးသမီးဘောလုံးသမားတွေမှာ သူတို့ရဲ့ အကြိမ်ရေကို လျှော့ချနည်းနဲ့ ပတ်သက်ပြီး နားလည်မှု နည်းပါးပါတယ်လို့ ဆိုပါတယ်။

သုံးနှစ်ကြာလေ့လာမှုမှာပါဝင်မယ့် WSL ကလပ်အသင်းတွေဟာ သူတို့တွေရဲ့ အဆောက်အဦတွေ၊ ဝန်ထမ်းအရေအတွက်၊ အသင်းအရွယ်အစား၊ ခရီးနဲ့ ကစားရမယ့် အချိန်ဇယားတွေအပါအဝင် အချက်များစွာအပေါ် အကဲဖြတ်မှာဖြစ်ပါတယ်။

“ကစားသမားတွေက ACL ဒဏ်ရာနဲ့ ပတ်သက်ပြီး သုတေသနတွေ ပိုလုပ်ဖို့ ကျိုးကြောင်းဆီလျော်စွာ တောင်းဆိုထားပါတယ်”လို့ FIFPRO ရဲ့ အမျိုးသမီးဘောလုံးအတွက် ဗျူဟာနဲ့ သုတေသနမှူး အဲလက်စ် ကယ်လ်ဗင်က ပြောပါတယ်။

“ပရောဂျက် ACL ဟာ သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ အဲဒီလုပ်ငန်းနယ်ပယ်နှစ်ခုစလုံးကို ပိုမိုကျယ်ပြန့်စွာ တုံ့ပြန်မှုတခုဖြစ်ပါတယ်။ ဒီပရောဂျက်က ပရော်ဖက်ရှင်နယ်အမျိုးသမီးဘောလုံးလောကမှာ ကစားသမားတွေအပေါ် အာရုံစိုက်ပြီး ပါဝင်ပတ်သက်သူတွေရဲ့ ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးကျေးဇူးတွေဖြစ်တယ်။”

မကြာသေးမီနှစ်တွေအတွင်း ACL ဒဏ်ရာကြောင့် ထိပ်တန်းကြယ်ပွင့်ကစားသမားအများအပြားဟာ အမျိုးသမီးပြိုင်ပွဲကို လွဲချော်ခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင် လီအာ ဝီလျံဆန်နဲ့ ယူရို ၂၀၂၂ ရွှေဖိနပ်ဆုရှင် မက်မက်ဒ်တို့ဟာ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့တာပါ။

ဘလွန်းဒီအော်ဆုရှင်ဟောင်း အဲလက်စီယာ ပူတဲလက်စ်ဟာ ACL ကြောင့် တနှစ်ကြာ အနားယူပြီးနောက် ကမ္ဘာ့ဖလားမှာ စပိန်အသင်း အောင်ပွဲခံရာမှာ အနည်းငယ်သာ ပါဝင်ခဲ့ပြီး ချယ်လ်ဆီးရဲ့ ဆမ်ကာရာနဲ့ အာဆင်နယ်တိုက်စစ်မှူး ဗီဗီယန် မီယာဒီမာတို့လည်း အလားတူ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အင်္ဂလန်နဲ့ ဘာစီလိုနာနောက်ခံလူ လူစီဘရောင်းက “ပရိုဂျက် ACL”ရဲ့ ကြေညာချက်ကို ကြိုဆိုခဲ့ပါတယ်။

“ဒါဟာ တကယ်ကို အရေးကြီးပါတယ်။ ကျမတို့တွေတို့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ကောင်းကောင်း ချိန်ညှိဖို့ လိုပါတယ်။ ပြောဆိုမှုတွေ အများကြီးနဲ့ အချက်အလက်အမှားတွေ အများကြီး ရှိနေပါတယ်”လို့ ဘရောင်းက ပြောပါတယ်။

“အမျိုးသမီးဘောလုံးမှာ ACL ဒဏ်ရာတွေကို ပျောက်ကင်းအောင် အမြန်ပြင်ဆင်မှု မရှိပါဘူး။ ဒါကို အသေးစိပ် သုတေသန လုပ်ဖို့ လိုပါတယ်။ ဒါမှသာ အဓိက အချက်တွေနဲ့ အာရုံစူးစိုက်မှု အချက်အလက်တွေကို ဖော်ထုတ်နိုင်မှာပါ။

“ဘာကြောင့်ဖြစ်ရတဲ့ ဖြစ်စဉ်ကို ကစားသမားတွေက ပိုပြီး ရှင်းရှင်းလင်းလင်း သိဖို့ လိုတယ်၊ ဘောလုံးကန်ဖိနပ် ဒါမှမဟုတ် ခြေအိတ်ကို ပြောင်းရုံတင်နဲ့တော့ အန္တရာယ်ကို လျှော့ချလို့ ရမနေပါဘူး။”

(AFP)