ကုန်ကျစရိတ်များကြောင့် ၂၀၂၆ ဓနသဟာယ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို မလေးရှား ပယ်ချ

By PKThawn

ဆက်စပ်ကုန်ကျစရိတ်တွေကြောင့် ၂၀၂၆ ဓနသဟာယ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းမပြုဖို့ ဆုံးဖြတ်လိုက်ကြောင်း မလေးရှားက သောကြာနေ့မှာ ပြောကြားပြီးနောက်မှာတော့ နိုင်ငံတကာ အားကစားမျိုးစုံပြိုင်ပွဲရဲ့ အနာဂတ်အပေါ် သံသယအသစ်တွေ တိုးပွားလာစေပါတယ်။

ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးရဲ့ အဆိုပါ ဆုံးဖြတ်ချက်ဟာ ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်ရဲ့ ပြီးခဲ့တဲ့နှစ်က နုတ်ထွက်အပြီး အခုလို ချမှတ်ခဲ့တာပါ။

“၂၀၂၆ ဓနသဟာယ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ဓနသဟာယ အားကစားအဖွဲ့ချုပ် (CGF) ထံကနေ ကမ်းလှမ်းချက်ကို လက်မခံဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လူငယ်နဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။”လို့ ဝန်ကြီး ဟာနားယိုက ကြေညာချက်မှာ ပြောပါတယ်။

ကုန်ကျစရိတ်များလာခြင်းကြောင့် ဗစ်တိုးရီးယားပြည်နယ်က နုတ်ထွက်ပြီးနောက် CGF ဟာ အိမ်ရှင်နိုင်ငံတနိုင်ငံကို ရှာဖွေဖို့ ရုန်းကန်နေရတာပါ။

CGF ဟာ ပြိုင်ပွဲကျင်းပဖို့ နှစ်နှစ်သာ လိုတော့အချိန် မလေးရှားနဲ့ တခြားသော အလားအလာရှိတဲ့ အိမ်ရှင်နိုင်ငံတွေကို ပေါင်သန်း ၁၀၀ (ဒေါ်လာ ၁၂၅ သန်း) ဖြင့် မက်လုံးပေး ကမ်းလှမ်းခဲ့တာပါ။

ဒါပေမယ့် မလေးရှားအစိုးရကတော့ ကမ်းလှမ်းချက်ဟာ အကြီးစားအားကစားပွဲတော် ကျင်းပဖို့ ကုန်ကျစရိတ်တခုလုံးကို ကာမိမယ်လို့ မမျှော်လင့်ထားကြောင်း ယိုက ပြောပါတယ်။

“အစိုးရအနေနဲ့ အားကစားဖွံ့ဖြိုးတိုးတက်ရေးအပြင် ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာကို အလေးထားစေချင်တယ်”လို့ သူမက ဆက်လက်ပြောပါတယ်။

CGF ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံကို ရှာဖွေမှု ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“၂၀၂၆ ဓနသဟာယအားကစားပြိုင်ပွဲအတွက် အဆိုပြုချက်ကို မတင်သွင်းဖို့ မလေးရှားက ဆုံးဖြတ်ခဲ့လို့ ကျနော်တို့ စိတ်ပျက်ရပြီး ဓနသဟာယအားကစားလှုပ်ရှားမှုအတွက် သူတို့ရဲ့လုပ်ဆောင်မှုတွေနဲ့ ကတိကဝတ်တွေအတွက် သူတို့ကို ကျေးဇူးတင်ရှိပါတယ်”လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“အိမ်ရှင်နိုင်ငံကို ဆုံးဖြတ်မယ့် လျှို့ဝှက်လုပ်ငန်းစဉ်ဟာ တခြားစိတ်ဝင်စားတဲ့ ဓနသဟာယ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်တွေ (CGAs) နဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်။”

ဗစ်တိုးရီးယားရဲ့ ရုတ်တရက်ပယ်ချမှုနဲ့ ထင်ရှားတဲ့ ရွေးချယ်စရာမရှိခြင်းကြောင့် လေးနှစ်တကြိမ်ကျင်းပပြီး ၂၀၂၂ မှာ အင်္ဂလန်အလယ်ပိုင်း ဘာမင်ဂမ်မှာ နောက်ဆုံးကျင်းပခဲ့တဲ့ အားကစားပြိုင်ပွဲရဲ့ အနာဂတ်နဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဗြိတိန်ကိုလိုနီဟောင်းတွေကနေ ယှဉ်ပြိုင်တဲ့ အသင်းအများစုနဲ့အတူ ပြိုင်ပွဲရဲ့ဆက်စပ်မှုဟာ ယူကေရဲ့ ကိုလိုနီအမွေဆိုးနဲ့ ပတ်သက်ပြီး အဆက်မပြတ်မေးခွန်းထုတ်မှုတွေကြားမှာ ဝေဖန်မှုခံနေရပါတယ်။

တောင်အာဖရိကရှိ ဒါဘန်ဟာ ဘဏ္ဍာရေးပြဿနာတွေအပါအဝင် ပြဿနာများစွာကြောင့် နုတ်ထွက်ခဲ့ရပြီးနောက် ဘာမင်ဂမ်က အချိန်တိုအတွင်း အိမ်ရှင်အဖြစ် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

မလေးရှားအနေဖြင့် ၁၉၉၈ မှာ ပြိုင်ပွဲကို ကျင်းပခဲ့မှုနဲ့အတူ နိုင်ငံရဲ့ “အံ့ဖွယ်မှတ်တမ်း”ကို CGF က ဒီလအစောပိုင်းမှာ ချီးကျူးခဲ့ပါတယ်။

ဒါပေမယ့် CGF က မလေးရှားဟာ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ချဉ်းကပ်ခဲ့တဲ့ တခုတည်းသောနိုင်ငံမဟုတ်ဘူးလို့လည်း အကြုံပြုခဲ့ပါတယ်။

စင်ကာပူက CGF အဆိုပြုချက်ရဲ့ “ဖြစ်နိုင်ချေကို အကဲဖြတ်နေတယ်”လို့ မကြာသေးမီက ပြောပါတယ်။

ချမ်းသာကြွယ်ဝတဲ့ မြို့တော်နိုင်ငံဟာ နှစ်စဉ် Formula One ညကားပြိုင်ပွဲကိုလည်း ကျင်းပပြီး ၂၀၂၅ မှာ World Aquatics Championships ကို လက်ခံသွားမှာဖြစ်ပါတယ်။

(AFP)