ရခိုင်တောင်ပိုင်းက မြို့ ၁ ခုကို AA ထပ်မံ သိမ်းပိုက်၊ AA သိမ်းပိုက်သည့် ၈ ခုမြောက် မြို့ဖြစ်လာ

မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သော AA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်

ခိုင်မင်းမြတ်

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်တောင်ပိုင်းက ရမ်းဗြဲမြို့ကို သုံးလနီးပါးကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် မြို့တခုလုံးကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မတ်လ ၁၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က တရားဝင် ကြေညာသည်။

ရမ်းဗြဲမြို့သည် ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်သော ရှစ်ခုမြောက်မြို့ ဖြစ်လာသည်။

ရမ်းဗြဲမြို့တခုလုံးကို မတ်လ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီကျော်တွင် အပြီးတိုင်သိမ်း ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

ရမ်းဗြဲမြို့သည် ရမ်းဗြဲကျွန် ပေါ်တွင်တည်ရှိသော မြို့တမြို့ဖြစ်ပြီး ပလက်ဝတွင် ရက္ခိုင်စစ်ဆင်ရေး စတင်ပြီးနောက် တလကျော်အကြာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရမ်းဗြဲမြို့၌ တိုက်ပွဲစတင်ခဲ့ခြင်း ဖြစ်သည်။

ရှည်လျားသော မြို့တွင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှု၊ လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတို့ကို နေ့တိုင်းနီးပါးပြုလုပ်ခဲ့သော်လည်း မြို့ကိုလက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ရမ်းဗြဲမြို့သိမ်းတိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တချို့လည်း ကျဆုံးခဲ့ကြောင်း AA က ထုတ်ပြန်ချက်တွင် ပြောထားသည်။

လက်ရှိမှာ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးနေကြောင်း ဆိုသည်။

မြို့ကို ထိန်းချုပ်နိုင်ပြီဆိုသော်လည်း ရမ်းဗြဲဒေသခံများ အနေဖြင့် မိမိနေအိမ်များသို့ ချက်ချင်း ဝင်ရောက်မှုကို စောလျင်စွာ မပြုလုပ်ကြသေးရန် ရက္ခိုင့်တပ်တော်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

သုံးလနီးပါးတိုက်ပွဲအပြင် စစ်ကောင်စီမှ ထောင်ထားသော စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ်ကင်းစေရေးအတွက် မိုင်းရှင်းလင်းရေး အစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောထားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလမှစပြီး ရက္ခိုင့်တပ်တော် (AA) ၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ အဓိက အရေးပါသည့် မြို့ရှစ်မြို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားသည်။

စာတည်း။ ။ နောင်နောင်