ယင်းမာပင်မြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

လွှမ်းမိုး


မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လေညှင်းတောင်အနီးတွင် မတ်လ ၁၁ ရက် နံနက်ပိုင်းအချိန်က မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးမှုရှိသည်ဟု ချင်းတွင်းတိုက်ဂါးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“စစ်ကြောင်းကို မိုင်းနှစ်ဆိုင်းဆွဲပြီး တိုက်တာ။ မိုင်းဆွဲပြီးတဲ့ နောက်မှာ ဆက်တိုက်ပစ်ခတ်ခဲ့တယ်။ ပြောက်ကျားနည်း အသုံးပြု တိုက်ခိုက်ခဲ့တာ။တိုက်ခိုက်မှုကြာချိန် ၁၀ မိနစ်ရှိခဲ့တယ်” ဟုချင်းတွင်းတိုက်ဂါးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အင်းအား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး လက်နက် ငယ်များဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ငါးဦးမှာ ပြင်းထန်းဒဏ်ရာရရှိသွားသည်ဟု ချင်းတွင်းတိုက်ဂါးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယင်းစစ်ကြောင်းသည် ဘန့်ဘွေးရွာမ တပ်စခန်းမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ပြီး၊ မုံရွာ-ယာကြီး လမ်းပိုင်း အသုံးပြုနေသည့် ခရီးသွားပြည်သူများထံမှ ငွေကြေးတောင်းရန်နှင့် ရိက္ခာ စုဆောင်းရန်အတွက် ထွက်လာသည့် စစ်ကြောင်းဟု သိရသည်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင်လည်း ဘန့်ဘွေးရွာမ ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်း တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် နဘူးတော ကျေးရွာရှိ ဒေသခံ အမျိုးသားတဦး ကျည်ထိမှန်သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့သေးသည်။

စာတည်း။ ။ဖူးသိမ်ကျ