ကလေးမြို့မြောက်ပိုင်းတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၃ဦးသေဆုံးပြီးလက်နက်ခဲယမ်းများ ပူးပေါင်းတပ်ရရှိ

သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများ/ဓါတ်ပုံ – အမှတ်(၁) စစ်ဒေသ

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မြောက်ပိုင်း ကံသာယာရွာတွင်ဖြစ်ပွား‌သောတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက မတ်လ ၁၁ရက် ယမန်နေ့တွင် ထုတ်ပြန်သည်။

ကလေးမြို့နယ်၊ စခန်းကြီးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင် အင်အား ၈၀ခန့်သည် ကံသာယာရွာသို့ စစ်ကြောင်းထိုးလာသဖြင့် မတ်လ ၁၀ရက်နေ့ နေ့လယ် ၁နာရီ ၄၃မိနစ်မှ ညနေ ၆နာရီအထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး သေနတ်မျိုးစုံ၂၄လက်၊ ကျည်မျိုးစုံ ၁၂၀၀ခန့် သိမ်းဆည်းရမိကြောင်း အမှတ်(၁)စစ် ဒေသကထုတ်ပြန်ထားသည်။

“ကျနော်တို့သိမ်းထားတဲ့ ကံသာယာကို ပြန်လိုချင်လို့ စစ်ကြောင်းထိုးလာတာ။ အခုအထိနာသွားပြီး တောထဲကိုပြန်ဆုတ်သွားတယ်။ ရှေ့ဆက်ပြန်တိုးလာမယ်ဆိုရင်တော့ တိုက်ပွဲက ဆက်ဖြစ်နိုင်တယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ကလေးခရိုင်တပ်ရင်းများ၊ အထူးလှုပ်ရှားတပ်ရင်းများ၊ခရိုင်ဒရုန်းတပ်ဖွဲ့ ၊ RKDF ၊ HNB၊ S2UG၊ EFDF၊ TCDF ၊ GRF ၊ ဒေါင်းသွေးရာဇာနှင့် ကလေးမြို့နယ်ပကဖပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကလေးမြို့နယ်မြောက်ပိုင်း ကံကြီး၊ ကံသာယာ၊ ကလေးတက္ကသိုလ်၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စက္ကန့်၊အင်ဒိုင်းကုန်း၊သာစည်၊ထိုမာ၊မြို့လှရပ်ကွက်နှင့် နည်းပညာတက္ကသိုလ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင်အမှတ်(၁) စစ်ဒေသကွပ်ကဲရေးမှူးဦးဆောင်သည့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် စက္ကန့်၊ကံကြီးနှင့်ကံသာရွာစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသိမ်းယူနိုင်ခဲ့သည်။ ထို့နောက်ပိုင်းတွင် စက္ကန့်ရွာကို စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်တပ်စွဲခဲ့ပြီး ယခုကံသာယာရွာကို ပြန်လည်ထိုးစစ်ဆင်လာခြင်းဟု တော်လှန်ရေးအင်အားစုများကပြောသည်။

အလားတူ ကလေးမြို့တောင်ပိုင်းရှိ နည်းပညာတက္ကသိုလ်၊ သာယာဝတီ ၊ ထိုမာကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၁ရက်နေ့တွင်ထုတ်ပြန်သည်။

ထို့အပြင် တိုက်ပွဲများကြောင့် စစ်ရေးလိုအပ်ချက်အရ ကလေးတောင်ပိုင်းလမ်းမကြီးကို နောက်ထပ်ထုတ်ပြန်ချက်မထုတ်မချင်း အသွားအလာပိတ်ပင်ထားကြောင်း အသိပေးထားသည်။

တော်လှန်ရေးအင်အားစုက ကလေးမြို့နယ် ပတ်ဝန်းကျင်နှင့်မြို့ပေါ်သို့ စစ်ရေးအရှိန်တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်သဖြင့် ပြည်သူများရှောင်တိမ်းရန် ဖေဖော်ဝါရီ လ ၂၆ရက်နေ့က သတိပေးပြီးနောက် ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။

စာတည်း – အေးချမ်း