ထွေအုပ်ရုံးပေါ် ဒရုန်းပျံဝဲရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေ

ထွေအုပ်ရုံးပေါ် ဒရုန်းပျံဝဲရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေ

မင်းထက် (မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အပါအဝင် ရပ်ကွက်ရုံးများပေါ် ဒရုန်းပျံဝဲသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေမှုများ ပြုလုပ်ကြသည်ဟု ဒေသခံများထံမှ သိရသည်။

“ညဘက် ဒရုန်းလာဝဲရင် စစ်သားနဲ့ရဲတွေ ပြာယာခတ်နေတာပဲ။ ဒရုန်းတွေနောက်ကိုလိုက်တာ။ ရွာဘက်တွေကိုပါ ရောက်တယ်။ ဒရုန်းက ဘယ်ကလာတာလဲ ဘယ်သူ့ဟာလဲတော့ မသိရဘူး”ဟု ဒေသခံကပြောသည်။

အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ နိုဝင်ဘာလ ၂ ရက်နေ့အထိ သုံးညဆက်တိုက် ညအချိန်များတွင် ဒရုန်းများ ဝဲသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေမှုများ ပြုလုပ်ကြသည်ဟု ဆိုသည်။

ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်နှင့် အမှတ်(၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်အထက် ကောင်းကင်တွင် အဆိုပါဒရုန်းများ ပျံဝဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

ထိုသို့ဒရုန်းများ ပျံဝဲသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် အုပ်ချုပ်ရေးမှူးများမှာ ယခင်ကထက်ပိုသည့် ညပိုင်းအချိန် ကင်းလှည့်မှုများ ပြုလုပ်ခြင်း၊ ဒရုန်းများနောက်သို့ ဆိုင်ကယ်များဖြင့် လိုက်ခြင်းများကို ပြုလုပ်ကြသည်ဟု ဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ပုသိမ်-ရန်ကုန် ကားလမ်းဘေးရှိ မဂူကျွန်းကျေးရွာ အနောက်ဘက်တောများအတွင်းနှင့် ရွေး၊ လေးဆူ၊ ပိတောက်ပင်ကျေးရွာများဘက်တွင် ဒရုန်းလွှတ်သူရှိမည်အထင်ဖြင့် ညအချိန် ဆိုင်ကယ်များဖြင့် လိုက်လံရှာဖွေခဲ့ကြသည်ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့ဘက်က လုပ်တာတော့ လုံးဝမဟုတ်ပါဘူး။ စစ်တပ်ဘက်က အကွက်ဆင်ပြီးလုပ်တာပဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးကို အထူးသတိထားပြီး နေကြပါ။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ပြည်သူလူထုကို နစ်နာအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး”ဟု ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကာကွယ်ရေးအဖွဲ့ တဖွဲ့က မဇ္စျိမကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က ကန်ကြီးထောင့်မြို့ပေါ် ကောင်းကင်တွင် ညပိုင်းအချိန် ပျံသန်းနေသည့် ဒရုန်းတစီးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် မြို့အနှံ့လိုက်လံပစ်ခတ်သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)