မန္တလေးမြို့တွင် အပုပ်နံ့ရမှ သေဆုံးနေသော သက်ကြီးပိုင်း အမျိုးသမီး ၁ ဦး၏ ရုပ်အလောင်းတွေ့

Photo – မဏီစလ

007၊ 008

(မဇ္ဈိမ) ။ ။ မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ၃၅ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြား၊ မီးရထားတိုက်တန်းရှိအခန်းတခုတွင် ယနေ့ မတ်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းက အသက် ၆၀ ဝန်းကျင်အရွယ်အမျိုးသမီးတဦးအား သေဆုံးပုပ်ပွလျက် တွေ့ရှိခဲ့ရကြောင်း အနီးဝန်းကျင်နေထိုင်သူများထံမှ သိရသည်။

ယနေ့ မတ်လ ၁၂ ရက်နေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အပုပ်နံ့ရလို့ လူမှုရေးအသင်းတခုဆီ ရပ်ကွက်ကအကူအညီ လှမ်းတောင်းတော့မှ အထဲမှာ သေနေမှန်း သိရတာ၊ သေတာကြာပြီထင်တာပဲ၊ အလောင်းက ပုပ်ပွနေပြီ” ဟု ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

သေဆုံးသူအမျိုးသမီးကြီးသည် တဦးတည်းနေထိုင်သူဖြစ်ကြောင်းသိရပြီး သေဆုံးသွားသည့်အကြောင်းအရင်းကို မသိရသေးပေ။

ယင်းတိုက်တန်းတွင် နေထိုင်သူ နောက်ထပ် အမျိုးသမီးတဦးကလည်း “အဘွားက အသက် ၆၀ ကျော်လောက်တယ်။ တဦးထဲနေတာများတော့ အဘွား ထွက်လား၊ မထွက်လား သတိမထားမိကြဘူး။ ခါတိုင်းလည်း အခန်းက အမြဲလိုလို ပိတ်ထားတယ်။ မိသားစု ရှိမရှိတော့ သေသေချာချာ မသိပါဘူး။”ဟု ပြောသည်။

သေဆုံးသူ အမျိုးသမီးကြီး၏ ရုပ်အလောင်းကို တိုက်ခန်းအတွင်းမှ ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရပြီး မန္တလေးဆေးရုံကြီးရင်ခွဲရုံသို့ပို့ ဆောင်ပေးခဲ့ကြောင်း လူမှုကူညီရေးအသင်းက ဆိုသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း အောင်မြေသာစံ မြို့နယ်ရှိ နေအိမ်တအိမ်အတွင်းမှ သေဆုံးပြီး ပုပ်ပွနေသည့် အသက် ၆၄ နှစ်အရွယ် အမျိုးသားအလောင်းတလောင်း တွေ့ရှိခဲ့သေးသည်။

စာတည်း။ ။ နောင်နောင်