မုံရွာမြို့၌ စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်ကို တိုက်ခိုက်နေစဥ်/ရုပ်သံ – Black Falcon Guerrilla Force

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး မီးရှို့နေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Falcon Guerrilla Force ထံက သိရသည်။

မုံရွာမြို့နယ် ၊ ကြီးပဒုံကျေးရွာမှ ထွက်လာသော အင်အား ၆၅ဦးပါသည့် စစ်ကောင်စီတပ်သည် ကံကြီးကုန်း ၊ ရှားပေါက်တော ၊ ရင်းမန်း ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး အနီးရှိကျေးရွာကို မီးရှို့နေစဥ် မတ်လ ၁၁ရက် နံနက် ၁၀နာရီအချိန်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပထမ ဆိုင်ကယ်နဲ့လာတဲ့အသုတ်ကို မိုင်းဆွဲခဲ့တယ် ၊ မီးရှို့နေတဲ့ စခ(စစ်ကောင်စီ)တပ်ကို အနီးကပ်ပစ်ခဲ့တာပါ ၊ ထိခိုက်သေဆုံးမှုရှိနိုင်ပေမဲ့ အတည်မပြုနိုင်သေးပါဘူး” ဟု Black Falcon Guerrilla Force တာဝန်ခံ က မဇ္စျိမကိုပြောသည်။

ဆိုင်ကယ် ရှစ်စီးဖြင့် ထွက်လာသော ရှေ့ပြေးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းခဲ့ရာ ဆိုင်ကယ်တစီးသိမ်းဆည်းရမိပြီး ကျည်ကာနဲ့ အီကွေးမန့်များတွင် သွေးများပေကျံ၍ မြေမြှုပ်ထားခဲ့သည်ကို တွေ့ရှိရသည် ဟုဆိုသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကြောင်း ပြည်သူများထံမှ သတင်းရရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံက ဆက်ပြောသည်။

တဖန် ခြေလျင်ဖြင့်တက်လာပြီး မီးရှို့ရန်ကြိုးစားနေသည့် ခြင်းကြားများလွယ်ကာ သွားလာနေသော စစ်ကောင်စီတပ်ကို အနီးကပ် မိနစ် ၂၀ကျော် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများထိခိုက်နိုင်ပြီး ၎င်းတို့ဖက်မှလက်နက်ကြီးများနှင့် ပစ်ခတ်ကာ ရွာကို မီးမရှို့နိုင်တော့ဘဲ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Black Falcon Guerrilla Force နှင့် အတူ နယ်မြေခံ ကျေးရွာ ပကဖ များက ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးနှင့် မုံရွာမြို့နယ် ကျောက်စစ်ပုံ အမြောက်တပ် အထိုင်စခန်းအကြားရှိရွာများ၊ မုံရွာ လေယာဥ်ကွင်း ၊ အလုံစစ်တပ် အထိုင်စခန်းများနှင့် မဝေးသောရွာများရှိ ဒေသခံ ကာကွယ်ရေးတပ်များက ၎င်းတို့လုံခြုံရေးကို ထိခိုက်နိုင်သဖြင့် ရွာများကို ရှင်းလင်းမီးရှို့နေခြင်း ဖြစ်နိုင်ကြောင်း Black Falcon Guerrilla Force တာဝန်ခံက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၂၈ရက်မှစတင်ပြီး နမခ အနီးရှိကျေးရွာများ ဖြစ်သော ဘူးတောင်းကန် ၊ တဲကြီးကုန်း ၊ ဆုံကုန်း ၊ ပေကုန်း ၊ ခိုးသန်းနှင့် ကြီးပဒုံ ရွာများကို မီးရှို့ခဲ့ရာ အိမ်ခြေ ၃၅၀ ကျော်ပျက်စီးခဲ့ပြီး အသက် ၉၀ကျော်နှင့် အသက် ၆၀ကျော် အဘွားအိုနှစ်ဦး မီးလောင်သေဆုံခဲ့ရသေးသည်။

စာတည်း – သန့်ဇော်(သန်လျင်)