သင်္ဃန်းညီနောင်တွင် တိုက်ပွဲဆက်လက်ပြင်းထန်

ပုံအညွှန်း- ဖလူးစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ (ဓါတ်ပုံ- KNLA)

ပုံအညွှန်း- ဖလူးစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ (ဓါတ်ပုံ- KNLA)

YT

မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၅၇) တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်နှင့် ဒေသခံများထံက သိရသည်။

ယနေ့ မတ်လ ၁၅ ရက်နေ့၊ နံနက် ၄ နာရီဝန်းကျင်မှစ၍ ခမရ (၃၅၇) အတွင်း တပ်မဟာ (၆) ကရင်အမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော် (KNLA) ပူးပေါင်းစစ်ကြောင်းများက ဝင်ရောက်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း မြေပြင်ရဲဘော်ထံက သိရသည်။

အလားတူ ယနေ့ နံက်ပိုင်းမှစ၍ သင်္ဃန်းညီနောင် စစ်ဗျူဟာအနီးတဝိုက်တွင်လည်း လက်နက်ကြီး၊ သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံက ဆိုသည်။

” ဒီမနက်( ၃၅၇ )နဲ့ ဝှေ့ရှမ်းကျောင်းဘက်မှာ တိုက်ပွဲဖြစ်နေတယ်။ အကြီးအကျယ်ပဲ၊ ပြီးတော့ ဗျူဟာဘက်ကလည်း အကြီးအသေးသံ​တွေ ကြားရတယ်။ လေယာဉ်လည်း လာနေပါတယ် မနက်အစောကြီးကတည်းက လာတာပါ လေယာဉ်က” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

သင်္ဃန်းညီနောင်နှင့် မြဝတီတဝိုက် ဖြစ်ပွားနေဆဲ တိုက်ပွဲများအတွင်း ခမရ (၃၅၅) နှင့် သင်္ဃန်းညီနောင်နယ်မြေ ရဲစခန်း၊ ဖလူးစခန်းတို့ကို တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ပိုင်ဆိုင်သည့် ကား၊ လက်နက်၊ ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း KNLA ​၏ ထုတ်ပြန်ချက်များနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

အလားတူ စစ်ကောင်စီထောက်ခံသည့် ဝါဒဖြန့်ချန်နယ်များကလည်း ခမရ (၃၅၅) သာမက ခမရ (၃၅၆) ကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း ဖော်ပြနေကြသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ပါဝင်သည့် မြို့တမြို့ဖြစ်ပြီး လက်ရှိတွင် တပ်မဟာ (၆) နယ်မြေအတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီတပ်စခန်းများကို စခန်းသိမ်းတိုက်ပွဲ၊ မြို့တွင်းတိုက်ပွဲများအဖြစ် ဆက်လက်ဆင်နွှဲလျက်ရှိနေကြောင်း KNU က အသိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် သင်္ဃန်းညီနောင်နှင့် မြဝတီတဝိုက် တိုက်ပွဲများနှင့် စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သင်္ဃန်းညီနောင်နှင့် မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူ ၅,၀၀၀ ကျော် မြဝတီမြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်နေကြရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)