ပခုက္ကူစစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် ပစ်ခတ်ခံရပြီးသေဆုံး

ပစ်ခတ်ခံရ၍ သေဆုံးသွားသော စရဖ စစ်သားဦးကျော်နိုင်ဝင်း/ ဓာတ်ပုံ။ ။ Southern YSO PDF

ကိုခင်မောင်

(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ပခုက္ကူမြို့နည်းပညာတက္ကသိုလ်တွင် လုံခြုံရေးယူထားသောစစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်တဦးအား ပစ်ခတ်ခဲ့ရာသေဆုံးသွားကြောင်း Southern YSO PDF မှ ယနေ့(ဧပြီလ ၂၅ရက်)သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့၊စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်သားကျော်နိုင်ဝင်းကို ယမန်နေ့ ဧပြီလ၂၄ရက် နံနက် ၇နာရီအချိန်တွင် နည်းပညာတက္ကသိုလ်ဂိတ်အနီးရှိ လက်ဖက်ရည်ဆိုင်အတွင် ဝင်ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခဲ့ခြင်းဟု Southern YSO PDFမှ ကိုအောင်မောင်းက မဇ္စျိမအားပြောသည်။

” ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ မပစ်ဘဲနဲ့ အေးအေးဆေးဆေးအဖမ်းခံဖို့ပြောပေမယ့် ကျွန်တော်တို့ကိုမြင်တာနဲ့ ဆိုင်ထဲကနေ လစ်ပြေးတာ။ သူထွက်ပြေးတော့ နောက်ကနေလိုက်ဖမ်းတာမှာ သူပြန်လည်ခုခံလို့ ပစ်ခတ်ခဲ့တာပေါ့။ အဲ့မှာပွဲချင်းပြီးသေတာပါ” ဟု ကိုအောင်မောင်းကဆိုသည်။

ကျော်နိုင်ဦး၏လက်ကိုင်ဖုန်းထဲတွင် PDFထောက်ပို့နေအိမ် အချက်အလက်မြေပုံများ၊ PDF များတပ်ဆင်ထားသော မိုင်းပွိုင့်နေရာအချက်အလက်များ ၊ ပျူ ၊ဒလန် အချက်အလက်များ တွေ့ရှိခဲ့သည်ဟု သိရသည်။ထို့အပြင် ကျေးရွာတခုမှ အမျိုးသားတဦးသည် စစ်ကောင်စီတပ်အတွက် သတင်းပေးဒလန်လုပ်နေကြောင်း အဆိုပါဖုန်းထဲတွင် တွေ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၆ရက်နေ့ကလည်းရေစကြို-ပခုက္ကူလမ်းမတလျှောက်ရှိ ပျူစခန်း ၊ စစ်ကောက်စီတပ်အထိုင်စခန်းများဆီသို့ လက်နက်ခဲယမ်းပို့ဆောင်ပေးသော ထောက်ပို့ရှေ့ပြေးယာဉ်နှင့် စစ်တပ်ပိုင်ကုန်ကားအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုဖြစ်စဉ်၌ စစ်​ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးခဲ့ပြီးကျည် ၃၁၀တောင့်နှင့် လက်ပစ်ဗုံးသုံးလုံးတို့ကို သိမ်းဆည်းရရှိခဲ့သေးကြောင်း Southern YSO PDF က သတင်းထုတ်ပြန်ခဲ့သည်။

စာတည်း – အေးချမ်း