စစ်ကောင်စီ တပ်စခန်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇရပ်ကြီးမြို့ပေါ်နေ အရပ်သားများ တိမ်းရှောင်

တိုက်က်ပွဲများကြောင့် တောင်ငူမြို့နယ်ဘက်သို့ တိမ်းရှောင်မည့် ဇရပ်ကြီးဒေသခံ တချို့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်

YT

(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၇၃) မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူနေရပ်ကွက်များဘက်သို့ ပစ်ခတ်မှုကြောင့် ဇရပ်ကြီးမြို့နေ အရပ်သားများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ဇရပ်ကြီးမြို့ပေါ်မှ ထွက်ပြေးလာသော အရပ်သား အများစုသည် ဘေးကင်းမည်ဟု ယူဆသော တောင်ငူမြို့နယ်ဘက်သို့ တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“(မြို့ပေါ်မှာ) တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး။ ရွာခံစစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာပါ။ (၇၃) ခြေလျင်တပ်ရင်းပါ။ ရွာသားတွေကို တမင်ကြောက်အောင် လုပ်နေတာပါ” ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ဇရပ်ကြီးမြို့မှ ပြည်သူများသည် ထန်းတပင်မြို့မှတဆင့် တဆက်တည်းရှိရာ တောင်ငူမြို့နယ်ဘက်သို့ တိမ်းရှောင်နေကြခြင်းဖြစ်ပြီး ဇရပ်ကြီးမှ တောင်ငူထိ မိုင် ၂၀ ကျော် ဝေးသည်။

“အကုန် ပြန်ပြောင်းကုန်ကြပြီ” ဟု ဇရပ်ကြီးမြို့ခံ နောက်ထပ်အမျိုးသမီးတဦး ကလည်း မဇ္ဈိမကို ပြောသည်။

KNU လက်အောက်ခံ တိုက်ခိုက်ရေးတပ်ဖြစ်သော KNLA ပူးပေါင်းတပ်ဖွဲ့ က ခလရ (၇၃) အပါအဝင် ဇရပ်ကြီးမြို့တဝိုက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်းက သွားရောက်တိုက်ခိုက်ရာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထိုစဉ်ကလည်း မြို့ခံအများပြား ထွက်ပြေးခဲ့ကြရာ နေရပ်သို့ ပြန်လည်ဝင်ရောက် နေထိုင်ကြသည်မှာ တလပင် မပြည့်သေးချိန် လက်နက်ကြီးပစ်ခတ်မှုကို ကြောက်ရွံ့ပြီး ဒုတိယအကြိမ် ထွက်ပြေးတိမ်း ရှောင်နေကြခြင်း ဖြစ်သည်။

“ပထမကလည်း လူတွေတော်တော်များများ ပြောင်းကြတော့ ဒီမှာ( ဇရပ်ကြီးမှာ) ပြန်နေကုန်တာ။ အခု ထပ်ပြောင်းရတာပေါ့” မြို့ခံ အမျိုးသမီးက ပြောသည်။

ထို့အပြင် မတ်လ ပထမအပတ်မှစ၍ မတ်လ ၁၂ ရက်နေ့အထိ ဇရပ်ကြီးမြို့ပေါ်နှင့် ရှစ်မိုင်သာ ကွာဝေးသည့် သရက်တန်း၊ ဂွအိုင်၊ တလိုင်းအိုင် စသည့် ကျေးရွာ များသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာ၍ KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများသို့ ခလရ (၇၃) တပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း NUG တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် သရက်တန်း၊ ဂွအိုင်၊ တလိုင်းအိုင် စသည့် ကျေးရွာများမှ ဒေသခံများသည်လည်း တောအစပ်များနှင့် တောင်ငူမြို့နယ်ဘက်သို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်