ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒေသခံ ၅ ဦးကို အကြောင်းမဲ့ဖမ်းဆီး ၊ ၆ ရက်ကြာသည်အထိ ပြန်မလွှတ်သေး

ပုံအညွှန်း – မီးရှို့ခံရသဖြင့်ပျက်စီးမှုများ
ဓါတ်ပုံ – ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်

ပါခွီး

(မဇ္စျိမ) ။ ။ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ဒေသခံငါးဦးကို အကြောင်းမဲ့ ဖမ်းဆီးထားပြီး ခြောက်ရက်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောသည်။

“စစ်ကြောင်းထိုးလာပြီး ပြည်သူငါးဦးကို ဖမ်းဆီးထားပါတယ် ။ အကြောင်းပြချက် မသိရဘူး ။ ဆိပ်ဖြူမြို့နယ် အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ် လစခ(၉)ထဲမှာလို့သိရတယ်။ ဘယ်သူနဲ့မှ တွေ့ခွင့်မရသေးဘူး” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူ ငါးဦးအနက် သုံးဦးမှာ ကျစ်ပြင်ကျေးရွာမှဖြစ်ပြီး ကျန်နှစ်ဦးမှာ ဝက်လာဝယ်သူများဖြစ်၍ ၎င်းတို့၏ နေရပ်လိပ်စာကို အတိအကျမသိရသေးကြောင်း ကာကွယ်ရေးတပ်တာဝန်ရှိသူကပြောသည်။

ဇန်နဝါရီလ ၂၂ရက်နေ့ ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ပခုက္ကူခရိုင်အမှတ်(၉) တပ်ရင်း ၊ ဆိပ်ဖြူဘာမထီတပ်ခွဲ တပ်စုအထိုင် စခန်း တခုကို မီးရှို့ဖျက်ဆီးပြီး ရဲဘော်နှစ်ဦးကို သတ်ဖြတ်ကာ ပြည်သူငါးဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

ကျစ်ပြင်ကျေးရွာအနီးတွင် ဘာမထီတပ်ခွဲမှ ရဲဘော်စပါးကြီးနှင့် ဆိပ်ဖြူမြေလတ် ပကဖ ရဲဘော်တဦးအား ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ကာ စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးတာဝန်ရှိသူကဆက်ပြောသည်။

“စစ်ရေးအရ စစ်ပြိုင်သဘောမျိုးဖြစ်နေလို့ စစ်သုံ့ပန်းဥပဒေအရ ပြုမူသင့်တယ်လို့ မြင်ပါတယ် ။ အခုက ရက်ရက်စက်စက်ပစ်သတ်ပြီး အလောင်းတောင်ပြန်မရဘူး မီးရှို့ ပစ်ခဲ့တာဆိုတော့ စစ်တပ်က တော်တော်ဆိုးတဲ့အခြေအနေပါ” ဟု ၎င်းက ပြော ဆိုသည်။

စစ်ကောင်စီတပ်က စခန်းမီးရှို့ဖျက်ဆီးခဲ့သဖြင့် ဆိုင်ကယ်နှစ်စီးအပါအဝင် မိုင်း ၊ ခဲယမ်းများနှင့် ရိက္ခာပစ္စည်း စုစုပေါင်း ကျပ်သိန်း ၁၃,၀၀၀,၀၀၀ကျပ် ကျော်တန်းဖိုး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

ကျဆုံးသွားခဲ့သည့် ရဲဘော်များကို ဦးညွှတ်အလေးပြုလျက် မပြီးပြတ်သေးသည့် တော်လှန်ရေး ကို ဆက်လက်လုပ်သွားမည်ဖြစ်သောကြောင့် လိုအပ်သော ရန်ပုံငွေ များကို ယုံကြည်စွာဆက်လက်ပံ့ပိုးပေးကြပါရန် ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ထားသည်။

ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲအရှိန်လျော့ကျလာနေချိန်နှင့်တစ်ပြိုက်နက် ဒေသတွင်း စစ်ကြောင်းထိုး ခြင်းများပိုမိုပြုလုပ်လာနိုင်ကြောင်း လက်ရှိ စစ်ကောင်စီတပ် တွင်းလှုပ်ရှားမှုအခြေအနေများ ကို သုံးသပ်ပြီး ကာကွယ်ရေးတာဝန်ရှိသူက ပြောသည်။

ဇန်နဝါရီလ ၂၄ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ် လယ်ကြီးနှင့် ရွာမကျေးရွာတို့ ကို စစ်ကောင်စီတပ်ကဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးကို သတ်ဖြတ်ကာ လူနေအိမ် ၂၀ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး