ထိုမာရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များ နည်းပညာတက္ကသိုလ်(ကလေး)သို့ ပြန်ဆုတ်

ပုံအညွှန်း။ ​။ မတ်လ ၉ရက်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်သဖြင့် မီးလောင်သွားသော လူနေအိမ်များ မြင်ကွင်း။ ဓာတ်ပုံ​။ ။ CJ

ပုံအညွှန်း။ ​။ မတ်လ ၉ရက်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်သဖြင့် မီးလောင်သွားသော လူနေအိမ်များ မြင်ကွင်း။ ဓာတ်ပုံ​။ ။ CJ

ကိုခင်မောင်

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များ နည်း ပညာတက္ကသိုလ်(ကလေး)သို့ ပြန်ဆုတ်သွားကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစ၍ ကလေးမြို့နယ်တောင်ပိုင်း ထိုမာရွာသို့ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့ပစ် ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“မနေ့ညနေပိုင်း ကိုယ့်ဘက်က ထိုမာရွာကို ဝင်နေတယ်။ ရွာထဲမှာတော့ စကစတွေက နောက်ဆုတ်သွား ပြီလို့ပြောတယ်။ လောလောဆယ် နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်။ ထိုမာက ပြည်သူတွေကိုတော့ ရွာထဲမှာ အဝင်မခံသေးဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ က မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်များသည် ထိုမာရွာနှင့် မီတာ ၅၀၀ ကျော်ခန့်အကွာရှိ နည်းပညာတက္ကသိုလ်(ကလေး)၌ အထိုင်ချထားသော တပ်ဖွဲ့များထံ သွားရောက်ပူးပေါင်းခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

“ထိုမာနားမှာ သုံးထပ်အမြင့်စာသင်ဆောင်ရှိတဲ့ နည်းပညာတက္ကသိုလ်ရှိတယ်။ အဲဒီထဲမှာ စကစတွေ အထိုင်ချထားတာ သုံးနှစ်လောက်ရှိပြီ။ ထိုမာက ရိက္ခာပေါတယ်၊ မြို့နဲ့လည်း နီးတယ်။ ထိုမာနည်းပညာ တက္ကသိုလ်က ဘယ်သူအတွက်ဖြစ်ဖြစ် ခံတပ်ကောင်းပဲ။ ကလေး-ဂန့်ဂေါလမ်းဘေးမှာရှိနေတာမို့ လမ်း ထိန်းချုပ်မှုလည်း ရတယ်။ ဒါတွေအဆုံးရှုံးမခံနိုင်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ လေကြောင်းသုံး ပြီးတိုက်ခဲ့တာ” ဟု မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဦးက မဇ္စျိမအားပြောသည်။

မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ထိုမာကျေးရွာအား MI-35 ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့၍ နေအိမ် ၁၄ လုံးမီးလောင်သွားကာ စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသားတဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၂ ရက်နေ့က ထိုမာကျေးရွာမှ ထွက်လာသော ခမရ(၇၀၃)နှင့် ပျူစောထီးပူးပေါင်း အင်အား ၆၀ ခန့်ကို ထိုမာနှင့် သာယာကုန်းရွာကြားရှိ ဆပ်သချောက်၌ ကာကွယ်ရေးပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ ရှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ထိုမာ၊ သာယာကုန်း၊ ကြာအင်းနှင့် ထောက်ကြန့်ကျေးရွာများရှိ ဒေသခံများမှာ နီးစပ်ရာ တောတောင်များအတွင်း တိမ်းရှောင်နေရကြောင်း သိရသည်။
ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေ သောကြောင့် ကလေး-ဂန့်ဂေါလမ်းမကြီးအား လုံခြုံရေးအခြေအနေအရ အသွားအလာပိတ်ပင်ထား ကြောင်း မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ