ဘီးလင်းတွင် ဆိုင်ကယ် မရပ်ပေးသည့် လူငယ် ၃ ဦးကို စစ်ကောင်စီ ပစ်ခတ်၊ ၂ ဦးသေဆုံး

ပုံအညွှန်း- ဘီးလင်းမြို့နယ်ဘက်အခြမ်း သံတံတား စစ်ကောင်စီဂိတ်

ပုံအညွှန်း- ဘီးလင်းမြို့နယ်ဘက်အခြမ်း သံတံတား စစ်ကောင်စီဂိတ်

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်အစပ်၊ ရန်ကုန်- မော်လမြိုင်လမ်းပေါ်ရှိ သံတံတား (သဲဖြူချောင်းတံတား)ဂိတ်တွင် ဆိုင်ကယ် မရပ်ပေးသည့် လူငယ်သုံးဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦး သေဆုံး၍ တဦးဒဏ်ရာရခဲ့ကြောင်း ထိုလူငယ်များနှင့် နီးစပ်သူများထံက သိရသည်။

မတ်လ ၁၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဘီးလင်းမြို့နယ်ဘက်မှ ကျိုက်ထိုမြို့နယ်ဘက်သို့ လူငယ်သုံးယောက်စီးနင်းလာသည့် ဆိုင်ကယ်တစီးအား သံတံတားဂိတ် (ဘီးလင်းဘက်အခြမ်း) မှ စစ်ကောင်စီတပ်သားများက ဆိုင်ကယ်ရပ်ရန် တားခဲ့သော်လည်း မရပ်ဘဲ ဆက်မောင်းသွားသဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဆိုင်ကယ်ပေါ်တွင် ပါလာသည့် ဘီးလင်းမြို့နယ်၊ တောင်စွန်းဒေသခံများဖြစ်သည့် အသက် ၃၀ အရွယ် ကိုဟူစိန်နှင့် အသက် ၂၈ နှစ်အရွယ် ကိုဂျိုးသိန်းတို့ သေဆုံးခဲ့ပြီး အသက် ၂၈ နှစ်အရွယ် ချစ်ကိုကို ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

” ဂျိုးသိန်းက တံတားအောက်ထိပါ ကျသွားတယ်။ တံတားအောက်ကနေ သွားပြန်ကောက်ရတာ။ ဆုံးသွားတဲ့ထဲမှာ မွတ်စလင်တယောက်ပါတော့ ဖြစ်တဲ့နေ့တုန်းက မိသားစုတွေ အလောင်း သွားထုတ်ကြတယ်” ဟု သေဆုံးသူများ​၏ မိတ်ဆွေတဦးက မဇ္ဈိမကိုပြောသည်။

သေဆုံးသူများ၏ ဈာပနအား ယနေ့ မတ်လ ၁၂ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး ဒဏ်ရာရသည့် ကိုချစ်ကိုကိုသည် လက်ရှိတွင် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသော်လည်း စစ်ကောင်စီက မိသားစုနှင့် ပေးမတွေ့သေးကြောင်း ဒေသခံထံက သိရသည်။

ထို့အပြင် ပစ်ခတ်ခံရသူများသည် တောင်စွန်းကျေးရွာတွင် နေထိုင်သည့် သာမန် အရပ်သား လူငယ်များသာဖြစ်ကြောင်း ဒေသခံတဦးထံက သိရသည်။

ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီက ဆိုင်ကယ်တစီးလျှင် အမျိုးသားနှစ်ဦး အတူမစီးရန် ကန့်သတ်မိန့် ထုတ်ပြန်ထားပြီး အတူစီးသည်ကို တွေ့ပါက ဖမ်းဆီး ငွေတောင်းမှုများ ပြုလုပ်နေခြင်းရှိကြောင်း ဒေသခံများထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)