ကမ္ဘာ့စံချိန်တင်ထားပေမယ့် အောင်ပွဲခံရမယ့်အချိန် မကျသေးဟု အယ်လ်ဟီလာနည်းပြ သတိပေး

By PKThawn

အယ်လ်ဟီလာနည်းပြ ဂျော့ဂျီးဆပ်က အသင်းရဲ့ ၂၈ ပွဲဆက် နိုင်ပွဲဆက် စံချိန်ကို “အရေးပါ”တယ်လို့ ခေါ်ဆိုခဲ့ပေမယ့် ဆုတံဆိပ်မရဘဲ ရာသီပြီးဆုံးပါက ဘယ်အရာကမှ အကျိုးရှိမှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။

ဂျီးဆပ်ရဲ့ အသင်းဟာ အင်္ဂါနေ့က ဂျဒ်ဒါရှိ ငွေအလုံးအရင်းသုံးစွဲခဲ့တဲ့ ဆော်ဒီကလပ် အယ်လ်အီတီဟဒ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ရီယာ့ဒ်အခြေစိုက် ဟီလာအသင်းဟာ ၂၀၁၆-၁၇ ရာသီမှာ ဝဲလ်ရှ်ကလပ် The New Saints က စိုက်ထူခဲ့တဲ့ ၂၇ ပွဲဆက် နိုင်ပွဲဆက် အရင်စံချိန်ဟောင်းကို ကျော်ဖြတ်ခဲ့တာပါ။

AFC ချန်ပီယံလိဂ်သမိုင်းတလျှောက် အအောင်မြင်ဆုံးအသင်းအဖြစ် ချန်ပီယံဆု လေးကြိမ်ရထားပြီးဖြစ်တဲ့ သူတို့ဟာ နှစ်ကျော့ပေါင်း ၄-၀ ဂိုးနဲ့ ကျော်ဖြတ်ခဲ့ကာ လာမယ့်လ နောက်ဆုံးလေးသင်းအဆင့်မှာ အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ အယ်လ်အိန်နဲ့ ရင်ဆိုင်ရမှာပါ။

“အယ်လ်ဟီလာက အယောက်တိုင်းဟာ ၂၈ ပွဲဆက် နိုင်ပွဲဆက်ကြောင့် ကမ္ဘာ့ဘောလုံးသမိုင်းမှာ အောင်မြင်မှု စိုက်ထူနိုင်လို့ ပျော်ရွှင်နေကြပါတယ်”လို့ ဝါရင့်ပေါ်တူဂီသားနည်းပြ ဂျီးဆပ်က AFC ဝက်ဘ်ဆိုက်ကို ပြောပါတယ်။

“ဒါက တကယ့်ကို မယုံနိုင်လောက်စရာ အောင်မြင်မှုတခုပါ၊ ပြီးတော့ ဒီအရေးပါတဲ့ အောင်မြင်မှုမှတ်တမ်းမှာ ပါဝင်ခဲ့ကြတဲ့ ကလပ်မှာရှိတဲ့ လူတိုင်းကို ကျေးဇူးတင်ပါရစေ။”

ဒါပေမယ့် ဂျီးဆပ်က “ဒီကာလတလျှောက်လုံး ကျနော် ပြောခဲ့တဲ့အတိုင်း၊ မှတ်တမ်းတွေက ဆုဖလားတွေလောက် အရေးမပါပါဘူး။

“ကျနော်တို့ဟာ ဆော်ဒီလိဂ်ချန်ပီယံတွေအဖြစ် ရာသီပိတ်သိမ်းပြီး ဖလားပြိုင်ပွဲတွေမှာ ကျနော်တို့ရဲ့ပစ်မှတ်တွေကို ပြည့်မီအောင် သေချာစေဖို့ အယ်လ်ဟီလာမှာရှိတဲ့ လူတိုင်းအပေါ်မှာ မူတည်ပါတယ်။

“ဒါတွေပြီးမှသာ ကျနော်တို့ တကယ် အောင်ပွဲခံနိုင်ပါမယ်”လို့ သတိပေးခဲ့ပါတယ်။

ဟီလာဟာ ပြိုင်ပွဲမျက်နှာစာတွေမှာ အောင်ပွဲဆင်နွှဲဖို့ နီးစပ်နေတာပါ။ သူတို့ဟာ ဆောဒီပရိုလိဂ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာကို ၁၂ မှတ်ဖြတ်ထားပြီး ဆော်ဒီဖလားပြိုင်ပွဲထဲမှာ ရှိနေပါတယ်။