တရုတ်၏ ပြည်တွင်း၊ ပြည်ပ လုံခြုံရေးဆိုင်ရာလုပ်နိုင်စွမ်းနှင့်ပတ်သက်၍ သမ္မတရှီကျင့်ဖျင် အကျပ်ရိုက်နေ

© Noel Celis/AFP via Getty Images

© Noel Celis/AFP via Getty Images

The HK Post

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မတ်လ ၈ ရက်က အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ အစည်းအဝေးတခုကို သဘာပတိမူစဉ် အချုပ်အခြာအာဏာ အကျိုးတရားများကို ကာကွယ်စောင့်ရှောက်ရန် အမျိုးသားလုံခြုံရေးဆိုင်ရာ လုပ်နိုင်စွမ်းကို မြှင့်တင်သွားရေး အလေးပေးပြောဆိုခဲ့သည်ဖြစ်ရာ ယင်းသည် အရှိန်မြင့်နေသော ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုနှင့် ရင်ဆိုင်တွေ့စဉ် ပြည်တွင်း၊ ပြည်ပ ခြိမ်းခြောက်မှုအန္တရာယ်များကို ရင်ဆိုင်ရန် နိုင်ငံ၏ အသင့်ရှိမှုနှင့်ပတ်သက်ပြီး ၎င်း၏ စိတ်မသက်မသာဖြစ်မှုတို့ကို အတိအကျ အရိပ်အမြွက်ပြသနေသည်။

တောင်တရုတ်ပင်လယ်၌ တရုတ်၏ တောင်းဆိုမှုတို့ကို ဆက်ထိန်းထားရေးအတွက် စိန်ခေါ်မှုများက မြင့်တက်နေသလို ထိုင်ဝမ်အပေါ် အတင်းအကျပ် တိုက်ခိုက်သိမ်းယူရေး ယင်း၏ အရန်အသင့်ရှိမှုက လက်ခံနိုင်ဖွယ်ရာ မဟုတ်သည့်ပုံပေါ်လာစဉ် ပေကျင်းအနေဖြင့် ယင်း၏ စစ်ရေး လုပ်နိုင်စွမ်းနှင့်ပတ်သက်ပြီး အကျပ်ရိုက်မှုအခြေအနေတွင် ရှိနေချိန် အဖွဲ့ဝင် ၁၇၀ ဦးပါ အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၌ နိုင်ငံ၏ လုံခြုံရေးအခြေအနေနှင့်ပတ်သက်ပြီး သမ္မတ ရှီ၏ အမြင်သဘောများ ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် တရုတ်စစ်တပ် PLA ၏ အရန်အသင့်ရှိမှုနှင့်ပတ်သက်ပြီး သမ္မတရှီကျင့်ဖျင်က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခြင်းက ဤတကြိမ်သည် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ ၂၀၂၂ နိုဝင်ဘာလက နိုင်ငံသည် zero-Covid မူဝါဒအောက် ပြင်းထန်သည့် လော့ခ်ဒေါင်းများ ချမှတ်ထားစဉ် တရုတ်စစ်တပ်တွင်း ပျံ့နှံ့နေသည့် အကျင့်ပျက်ခြစားမှုများ၊ စစ်ရေးလေ့ကျင့်မှု အပါအဝင် နယ်ပယ်အများအပြား၌ ယင်း၏ အားနည်းချက်တို့ကို အကြောင်းပြု၍ သမ္မတ ရှီကျင့်ဖျင်က “စစ်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် စစ်ရေးလေ့ကျင့်မှုကို ပြည့်စုံကျယ်ပြန့်စွာ အားကောင်းအောင်လုပ်ဆောင်ရေး” တိုက်တွန်းခဲ့ကြောင်း People’s Daily က ပြောသည်။

စစ်ရေးလေ့ကျင့်မှုအတွက် ကျေနပ်အားရဖွယ်ရာ မရှိသလို အရည်အသွေးနိမ့်သည့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူမှုမှ အစပြုသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ “အတုအယောင် တိုက်ခိုက်ရေး အသင့်ရှိမှု” အပေါ် နှိမ်နင်းဖြိုခွင်းမည်ဟု တရုတ်ဗဟိုစစ်ကော်မရှင်၏ ဒုတိယရာထူးအကြီးဆုံးဖြစ်သည့် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟယ် ဝေဒေါင်က ကြုံးဝါးပြောဆိုခဲ့ရာတွင်လည်း သမ္မတ ရှီ၏ အမြင်များက ယင်းအပေါ် ကောင်းစွာ ထင်ဟပ်နေခဲ့သည်။ ဗိုလ်ချုပ်ကြီး ဟယ် ဝေဒေါင်သည် မတ်လ ၅ ရက်က ပေကျင်း၌ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကိုယ်စားလှယ်အဖွဲ့တခုနှင့် ဆွေးနွေးစဉ် ယင်းကဲ့သို့ မှတ်ချက်စကားများ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း South China Morning Post သတင်းတပုဒ်အရ သိရသည်။

တရုတ်အာဏာပိုင်တို့ အဓိက စိုးရိမ်ပူပန်နေသည်က PLA ၏ ဒုံးတပ်ဖွဲ့ (PLARF) ဖြစ်သည်။ PLA ဒုံးတပ်ဖွဲ့သည် စစ်တပ်၏ လက်ရွေးစင် အထူးတပ်ဖွဲ့တခုဖြစ်ပြီး ယင်းအဖွဲ့ကို အမျိုးသားလုံခြုံရေး တည်ဆောက်မည့် အုတ်မြစ်တခုဖြစ်သည့် အဓိက စွမ်းအားတခုအနေဖြင့် နိုင်ငံ၏ ရပ်တည်ချက်အတွက် မဟာဗျူဟာကျ အထောက်အခံတခု၊ မဟာဗျူဟာကျ အတားအဆီးတခုအဖြစ် သမ္မတ ရှီက ညွှန်းဆိုထားခဲ့သည်။

PLARF တပ်မှူးများသည် ဒုံးကျည်တချို့တွင် ဒုံးလောင်စာအစား ရေဖြင့် ဖြည့်ထားကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်းရင်းမြစ်များကို ကိုးကားလျက် ယခုနှစ် ဇန်နဝါရီလက ဘလွန်းဘတ်ဂ်က သတင်းတပုဒ်ဖော်ပြခဲ့ချိန်တွင် ယင်းက နိုင်ငံတကာတွင် ရှော့ခ်ဖြစ်စေခဲ့သည်။ ထို ဘလွန်းဘတ်ဂ် သတင်း ထွက်ရှိပြီးနောက် များမကြာမီတွင် PLA ရေတပ်အရာရှိဟောင်းတဦးဖြစ်သည့် ဒုဗိုလ်မှူးကြီး ယောင်ချန်း (၂၀၁၆ ခုနှစ်က အမေရိကန်ကို လာရောက်ခိုလှုံခဲ့သူ) က အာရ်အက်ဖ်အေသတင်းဌာနကို ပြောကြားရာတွင် တရုတ်စစ်တပ်တွင်း၌ အကျင့်ပျက်ခြစားမှုတို့က ပျံ့နှံ့နေသလို အခြေခံအထောက်အပံ့များနှင့် ပစ္စည်းကိရိယာများ မရှိမှုက စစ်သားများအတွက် ပုံမှန်လိုဖြစ်နေကြောင်း ပြောဆိုသည်။

ဒုံးကျည်များအတွက် ဖြစ်သော အခဲလောင်စာ အတုံးငယ်များကို မကြာခဏသလို ၎င်းအနေဖြင့် အစားအစာချက်ရန် အသုံးပြုခဲ့ကြောင်း တရုတ်ရေတပ်အရာရှိဟောင်းက ပြောသည်။ ဒုံးလောင်စာသည် မည်သည့်အခိုးအငွေ့ ထုတ်လွှတ်မှုမှ မရှိဘဲ သန့်စင်စွာ လောင်ကျွမ်းကြောင်းနှင့် အသားနှင့် ဟင်းသီးဟင်းရွက်များ ချက်ပြုတ်ရန် ရေ သို့မဟုတ် ဆီကို အမြဲ ဆူအောင်ရှိစေသည့် တရုတ် ဟော့ပေါ့နှင့် ချက်ပြုတ်စဉ် ယင်းကဲ့သို့မျိုးက အသုံးဝင်ကြောင်း ၎င်းက အာရ်အက်ဖ်အေကို ပြောသည်။ ဒုံးလောင်စာများ မရရှိပါက ၎င်း၏ အခြားသော ရေတပ်တပ်ဖွဲ့ဝင်များသည် အစားအစာချက်ပြုတ်ရန် လေယာဉ် လောင်စာတိုင်ကီများမှ လောင်စာကို သွားယူကြကြောင်း အဆိုပါ PLA ရေတပ်အရာရှိဟောင်းက ပြောသည်။

တရုတ်စစ်တပ်ကို ဖိစီးနေသည့် အကျင့်ပျက်ခြစားမှု ဥပမာများက အမျိုးမျိုးကွဲလွဲပြီး ကြောင်တက်တက်နိုင်သည်။ ဘလွန်းဘတ်ဂ်၏ ဖော်ပြချက်အရ နျူကလီးယားတပ် ဒုံးများကို ကာကွယ်ထားသည့် PLARF ၏ မြေအောက် ဒုံးပစ်ကျီများသည် ချွတ်ယွင်းချက်များ ရှိနေသည့်အတွက် ယင်းတို့ကို ကောင်းစွာ ပွင့်စေရန် အဟန့်အတားဖြစ်စေမည် ဟု ဆိုသည်။ ထို့ပြင် F-22P ဖရီဂိတ်စစ်သင်္ဘောများတွင်လည်း အင်ဂျင် အရည်အသွေးနိမ့်ကျခြင်း၊ အာရုံခံကိရိယာများတွင် အပြစ်အနာအဆာရှိခြင်း၊ ဒုံးကျည်စနစ်၏ ပစ်မှတ်နောက် မလွတ်တမ်းလိုက်နိုင်စွမ်း မရှိခြင်း အပါအဝင် နည်းပညာဆိုင်ရာ ချွတ်ယွင်းချက်အမျိုးမျိုး ရှိသည်ဟု ပြောဆိုကြသည်။

တရုတ်၏ F-7 နှင့် JF-17 လေယာဉ်များသည် အရည်အသွေးမကောင်းသည့် ရေဒါများနှင့်ပတ်သက်သည့် ပြဿနာများ ကြုံတွေ့နေရကြောင်း အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသော ကမ္ဘာလုံးဆိုင်ရာမူဝါဒ think-tank အဖွဲ့ Rand က ပြောသည်။ လက်နက်တိုက်၌ ယင်းကဲ့သို့သော အပြစ်အနာအဆာရှိ လက်နက်များ ရှိနေခြင်းက ယင်းတို့အနေဖြင့် လက်တွေ့စစ်မြေပြင်တခုတွင် PLA ၏ စွမ်းဆောင်မှုအပေါ်တွင် ဂယက်ရိုက်ခတ်မှုများ ရှိစေလိမ့်မည်ဟု ကျွမ်းကျင်သူတချို့က ထင်မြင်ယူဆသည်။ “လက်နက်တွေနဲ့ ပစ္စည်းကိရိယာတွေက နည်းပညာစံသတ်မှတ်ချက်တွေအတိုင်း မီသင့်တယ်” ဟု PLA ၏ နည်းပညာပစ္စည်းကိရိယာကျွမ်းကျင်သူဟောင်း ဖူ ချန်ရှောင်က ပြောဆိုကြောင်း South China Morning Post က ကိုးကားဖော်ပြသည်။

ယင်းကဲ့သို့ အရည်အသွေး မကောင်းသည့် စစ်လက်နက်ပစ္စည်းများနှင့်အတူ တရုတ်သည် အရည်အချင်းပြည့်ဝပြီး ကောင်းစွာ လေ့ကျင့်ထားသည့် အမှုထမ်းတပ်ဖွဲ့ဝင်များ ရှိမှုအပိုင်းတွင် ပြဿနာများနှင့်လည်း ရင်ဆိုင်နေရသည်။

တရုတ်စစ်တပ်၏ ရေတပ်တွင် အရည်အချင်းပြည့်ဝသော အမှုထမ်းများ အသည်းအသန် ရှားပါးနေကြောင်း PLA Daily သတင်းစာက ၂၀၂၂၊ ဒီဇင်ဘာ ၂၆ ရက်တွင် ဖော်ပြသည့် ကြုံတောင့်ကြုံခဲ သတင်းတပုဒ်တွင် အလေးပေးဖော်ပြခဲ့သည်။