ကာမိုင်းမြို့အနီးတိုက်ပွဲဖြစ်ပြီး မြို့ကို စစ်ကောင်စီပိတ်ထား

ကာမိုင်းမြို့ရှိ စစ်ကောင်စီစစ်ဆေးရေး ဂိတ်တခုကို တွေ့ရစဉ် (Photo- CJ)

မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အနီး တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက မြို့ပတ်လည်၌နေရာယူထားကာ ဒေသခံများကို မြို့ပြင်ထွက်ခွင့်ပိတ်ပင်ထားကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ကာမိုင်းမြို့နှင့် ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)တိုက်ပွဲဖြစ် နေ၍ ယနေ့ မတ်လ ၁၄ရက် နံနက်အစောပိုင်းမှစတင်ကာဒေသခံများက ဘေးလွတ်ရာတိမ်းရှောင်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

သို့သော် ကားမိုင်းဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူအချို့ကို မြို့ပြင်ထွက်ခွင့်မပြုတော့ဟု ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။

“ခုက ထွက်လို့မရတော့ဘူး။ ဒီကနေ့မနက်အစောပိုင်းက ပြေးတဲ့သူတွေပဲလွတ်တယ်။မိုးကောင်း၊ ဖားကန့်၊ လဝါးသွားတဲ့ လမ်းတွေဖြတ်လို့ မရတော့ဘူး။ ခုက ကားတွေကိုလည်းမဖြတ်ခိုင်းဘူး” ဟု ၎င်းက ပြောသည်။

မိုးကောင်းဘက်မှ ကာမိုင်းမြို့အဝင်နေရာအပြင် လဝါးကျေးရွာဘက်မှ ကာမိုင်းမြို့အဝင်နေရာ၊ ရပ်ကွက်(၁)အလယ်၊ သင်္ချိုင်းအနီးဝန်းကျင်၊ မအူပင်ဘုန်းကြီးကျောင်းအနီး၊ ကောင်ရာကျောင်းရှေ့ စသည့်နေရာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားနေရာယူထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ပတ်ပတ်လည် စတင်နေရာယူချိန်တွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ ထွယ်ဆန်ရပ်ကွက်၊ မြစိမ်းရောင်ရပ်ကွက်နှင့်မြို့ပေါ်ရပ်ကွက်နေ ပြည်သူအချို့က ယမန်နေ့ မတ်လ ၁၃ ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင် ထွယ်ဆန်ယန်နှင့် လဝါးလမ်းဆုံ နှစ်နေရာတိုက်ပွဲတွင် ကာမိုင်းဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ကူနေသည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တိုက်ပွဲတိမ်းရှောင်လာသောဒေသခံတချို့ ထိခိုက်မှုရှိကြောင်း သတင်းရင်းမြစ်များက ပြောကြပြီး မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က အသေးစိတ် စုံစမ်းနေဆဲဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်လာကြသော ဒေသခံများသည် မိုးကောင်းမြို့ဘက်အပြင် လဝါးကျေးရွာနှင့် တောဘက်များတွင်သာ လတ်တလော တိမ်းရှောင်နေကြရပြီး မြို့နေလူဦးရေ၏သုံးပုံတပုံခန့်သာ ဘေးလွတ်ရာ၌ ရှိနေသည်ဟု ဒေသခံများဆိုသည်။

ကာမိုင်းမြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၉နာရီခန့်မှစတင်၍ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေသောကြောင့် တိုက်ပွဲဖြစ်ပွားနေကြောင်း စစ်ကောင်စီလက်အောက်ခံတယ်လီဂရမ်ချန်နယ်များ၌ ရေးသားဖော်ပြနေကြသည်။

တိုက်ပွဲအခြေအနေအသေးစိတ်ကို မဇ္ဈိမအနေဖြင့်ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စာတည်း – အေးချမ်း