နေပြည်တော်လေဆိပ်လမ်းများ စစ်ဆေးရေးတင်းကျပ်၊ နေပြည်တော် တိုက်ခိုက်မှု စစ်ကောင်စီဝန်ခံ

မဇ္ဈိမ

နေပြည်တော်လေဆိပ်တွင် အသေခံဒရုန်းများဖြင့် ယနေ့နံနက်က ဗုံးချတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လေယာဉ်ကွင်းအဝင်အထွက်လမ်းများတွင် စစ်ဆေးရေးတင်းကျပ်ထားကြောင်း ခရီးသည်တဦးက မဇ္ဈိမသို့ ပြောသည်။

“ဗုံးချခံရတယ်လို့ ဘေးနားနေသူတွေလည်းပြောတယ်။” ဟု သူက ပြောသည်။

နံနက် ၁၁ နာရီခန့်ကစ၍ လမ်းသွားလမ်းလာများကိုပါ တယ်လီဖုန်း စစ်ဆေးမှုကို တနာရီကျော်ကြာလုပ်နေခဲ့သလို မှတ်ပုံတင်စစ်ဆေးမှုရှိသည်ဟုဆိုသည်။

နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိတို့တွင် ဒရုန်းဖြင့်တိုက်ခိုက်ခံရကြောင်း စစ်ကောင်စီက ဝန်ခံလိုက်သော်လည်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းများကို “အောင်မြင်စွာ” ပစ်ချဖျက်စီးနိုင်ခဲ့သည်ဟု ထုတ်ပြန်လာသည်။

” ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက် ၁၀၃၀ နာရီတွင် နေပြည်တော်လေဆိပ်အရှေ့ဘက်မှ ဒရုန်းလေးစင်းပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါဒရုန်းများကို အောင်မြင်စွာပစ်ချဖျက်ဆီးခဲ့သည်။ အလားတူနေပြည်တော် ဇေယျသီရိမြို့နယ်၏ အရှေ့တောင်ဘက်မှ ဒရုန်းသုံးစင်းပျံသန်းဝင်ရောက်လာမှုအား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့သည်။” ဟု စစ်ကောင်စီဝါဒဖြန့် မီဒီယာ MRTV ၏ တယ်လီဂရမ်တွင် ပါရှိသည်။ ထို့အပြင် ” လူ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့” ဟုလည်း ပါရှိသည်။

ထုတ်ပြန်ချက်တွင် ဓာတ်ပုံနှစ်ပုံကိုပါ ပူးတွဲဖော်ပြထားပြီး တပုံက “နေပြည်တော်လေဆိပ်တွင် ပစ်ချဖျက်စီးခဲ့သည့် ဒရုန်းပုံ” ဟူ၍ဖြစ်ကာ ကျန်တပုံမှာ ” ဇေယျာသီရိမြို့နယ်ဝန်းကျင်တွင် ပစ်ချဖျက်စီးခဲ့သည့် ဒရုန်းပုံ” ဟူ၍ဖြစ်သည်။

နေပြည်တော်လေဆိပ်တွင် ဖျက်ဆီးပစ်နိုင်ခဲ့သည်ဆိုသော ပုံတွင် ဒရုန်းနှစ်စင်းပါရှိပြီး ဇေယျာသီရိပုံတွင်တော့ ဒရုန်းတစင်းသာပါရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး (PDF) အထူးတပ်များက အေလာလေတပ်နှင့်တွဲထားသော နေပြည်တော်လေဆိပ် (ယခင်က အေလာလေဆိပ်ဟုခေါ်) နှင့် ဇေယျာသီရိမြို့နယ်ရှိ စစ်ရုံးချုပ်တို့ကို ယနေ့နံနက်တွင် အသေခံ ဒရုန်းများဖြင့် တပြိုင်တည်း တိုက်ခိုက်ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ကောင်စီ၏ဝန်ခံမှုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ကာမီကာဇေဒရုန်းများဖြင့်တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲ၊ Lethal Prop Weapon တပ်ခွဲများက လုပ်ဆောင်ခဲ့သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ ကနဦး ထုတ်ပြန်ချက်တွင်ပါရှိသည်။

သီးခြားစုံစမ်းမှုတွင် PDF ဘက်က အပြောအရ ဒရုန်းအစင်း ၂၉ စင်းပါဝင်ကာ ၁၃ စင်းကို လေတပ်တိုက်ခိုက်မှုနှင့် ၁၆ စင်းကို စစ်ရုံးချုပ်ကိုတိုက်ခိုက်ခြင်းတို့အတွက် အသုံးပြုခဲ့သည်ဟု မဇ္ဈိမကို ပြောသည်။