မိုင်းထိသေသော မန္တလေးတိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးကြီး နာရေးပြုလုပ်

007

(မဇ္ဈိမ) မြင်းခြံမြို့နယ်တွင်း စစ်ကြောင်းထိုးသည့်တပ်နှင့် လိုက်ပါသွားခဲ့ရာက မိုင်းထိသေဆုံးသော မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးတဦး၏ နာရေးကို ယနေ့ (မတ်လ ၂၅ ရက်) နေ့တွင် ကျင်းပသည်။

အသက် ၅၃ နှစ်အရွယ် ဒုရဲမှူးကြီးကျော်ဇင်မြင့်၏ နာရေးကို ပုသိမ်ကြီးမြို့နယ် အေးရိပ်ငြိမ်သုဿန်တွင် ရဲတပ်ဖွဲ့လုံခြုံရေးဖြင့် နံနက် ၁၀ နာရီကပြုလုပ်ခဲ့သည်။

၎င်းလိုက်ပါသွားသော စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ ၂၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံနယ်ထဲထိုးဝင်စဉ်၊ မြင်းခြံ-မြို့သာကားလမ်းတွင် မိုင်းဆွဲခံရပြီးပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသတွင်းသတင်းများရေးသားသည့် MDY Revolution အဖွဲ့လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ဒဏ်ရာရပြီးနောက် မန္တလေးဆေး ရုံကြီးသို့ပို့ဆောင်ကုသသော်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က ရဲမှူးရာထူးဖြင့် အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်ခဲ့သော ဒုရဲမှူးကြီးကျော်ဇင်မြင့်သည် စစ်အာဏာသိမ်းပြီးနောက်၊ မန္တလေးမြို့က ဆန္ဒပြသပိတ်စစ်ကြောင်းများအား အကြမ်းဖက်ဖြိုခွင်းရာတွင် ပါဝင်ခဲ့သည်။

“သူနဲ့ပတ်သက်ပြီးမှတ်မှတ်ရရပြောရရင်၊ ၂၂ လမ်းအနောက်ထိပ် ဆန္ဒပြပွဲကြီး (မန္တလေး အောင်မြေသာစံမြို့နယ် ၂၂ လမ်းနှင့် ၈၉ လမ်းထောင့်တွင်၊ မတ်လ ရက်နေ့ကပြုလုပ်ခဲ့သည့်၊ သပိတ်ပေါင်းစုံစုပေါင်းဆန္ဒပြပွဲကြီး)မှာ ရက်ရက်စက်စက်ဖြိုခွင်းခိုင်းခဲ့တာမှတ်မိတယ်၊ အဲဒီပွဲမှာ သတင်းထောက်တွေကိုပါရိုက်တာ၊ သတင်းထောက်တွေအိမ်တွေပေါ်တက်ပုန်းရင် အိမ်ပေါ်အထိတက်ဆွဲတာ၊ အဲဒီပွဲမှာ လူ(ဆန္ဒပြသူ)ရာနဲ့ချီပြီးဖမ်းခံရတယ်” ဟု ဆန္ဒပြပွဲကာလများအတွင်း တက်ကြွစွာပါဝင်ခဲ့သည့် ဒေသခံတဦးက ပြောသည်။

၄င်းတို့ စစ်ကြောင်းက မြင်းခြံမြို့နယ်မြောက်ဘက်ပိုင်းကျေးရွာများအား၊ မတ်လ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဝင်ရောက်ခဲ့ရာက ဒေသခံ ကိုးဦးအထိသေဆုံးခဲ့သည်။

ဒုရဲမှူးကြီးကျော်ဇင်မြင့် သေဆုံးချိန်တွင် ဇနီးဖြစ်သူနှင့် သားနှစ်ဦးကျန်ရစ်သည်။