မုံရွာမြို့နယ် တောင်ပုလူကျေးရွာကို စစ်ကောင်စီတပ်မီးရှို့၊ မျက်မမြင်အဘိုးအို မီးလောင်သေဆုံး

တောင်ပုလူရွာမီးလောင်မှုမြင်ကွင်း/ဓါတ်ပုံ – CJ

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ပုလူကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့သဖြင့် နေအိမ် အလုံး ၃၀ ပျက်စီးပြီး မျက်မမြင်အဘိုးအိုတဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရ သည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အင်အား ၅၀ ခန့်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်သည် သမန္တာကျေးရွာမှတဆင့်ဝင်ရောက်လာပြီး ညနေ ၇ နာရီ ၁၄ မိနစ်တွင် တောင်ပုလူရွာကို မီးရှို့ခဲ့ခြင်းဖြစ် သည်။

“ကြက်သွန်ဂိုထောင်ကိုစရှို့တာ၊ အားလုံး အိမ် ၃၀ လောက်ပါသွားတယ်။ အဘိုးအိုတယောက်လည်း မီးထဲ ပါသွားတယ်။ လူတွေကတော့ ရှောင်နေရတာပေါ့” ဟု ဒေသခံက မဇ္စျိမကိုပြောသည်။

လူနေအိမ် ၃၀ ကျော်မီးလောင်ပျက်စီးမှုအပြင် အသက် ၇၅ နှစ်အရွယ် အမြင်အာရုဏ်မရှိသူ ဦးကြည်ဝင်း မီးလောင်သေဆုံးခဲ့ကြောင်း ဆိုသည်။

ယင်းကဲ့သို့ ရွာကိုမီးရှို့သည့်အပြင် စစ်ကောင်စီတပ်က ရွာအနီးစိုက်ပျိုးထားသည့် ကြက်သွန်ခင်းများကို အလံများစိုက်ပြီး မကျူးကျော်ရန်သတိပေးကာ သိမ်းဆည်းထားကြောင်း သိရသည်။

ကြက်သွန်ခင်းများသည် တူးဖော်ချိန်ရောက်တော့မည်ဖြစ်ပြီး နမခအတွင်း ကြက်သွန်ဂိုထောင်များ ဆောက်လုပ်နေ၍ စိုက်ပျိုးထားသည့်ကြက်သွန်များ တူးဖော်သိမ်းဆည်းခံရမည်ကို ဒေသခံများက စိုးရိမ် ပူပန်လျက်ရှိသည်။

တောင်ပုလူကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ဒေသခံများမှာ ရွာအနီးပတ်ဝန်းကျင်၌ တိမ်းရှောင်နေ ရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် နမခနှင့် ကျောက်စစ်ပုံအမြောက်တပ်အနီးကျေးရွာများကို ၎င်းတို့၏ လုံခြုံရေး အတွက်ရှင်းလင်းရန် စီမံချက်ချပြီး လိုက်လံမီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းမြစ်များအရ သိရသည်။

မုံရွာမြို့နယ် နမခတပ်အနီးတဝိုက်ကျေးရွာများဖြစ်သော ဘူးတောင်းကန်၊ တဲကြီးကုန်း၊ ဆုံကုန်း၊ ပေကုန်း ၊ ခိုးသန်း၊ ကြီးပဒုံ၊ ကံကြီးကုန်း၊ ရှားပေါက်တော၊ ရင်းမန်းကျေးနှင့် ယခု တောင်ပုလူရွာကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ကာ မီးရှို့နေခြင်းဖြစ်ပြီး နေအိမ် ၅၀၀ ခန့် ပျက်စီးခဲ့ကာ သက်ကြီးရွယ်အိုသုံးဦး မီးလောင်သေဆုံးခဲ့ရပြီးဖြစ်သည်။

ယင်းသို့ နေအိမ်မီးလောင်ပျက်စီးပြီး တိမ်းရှောင်နေရသည့် ကျေးရွာများမှ ဒေသခံများအတွက် မိုးကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်လျက်ရှိပြီး အကူညီများပေးနေသည့် Monywa Supporting Team နှင့် မြို့နယ်ပြည်သူ့လုံခြုံရေး(ပလဖ)မှ တဆင့် ဆက်သွယ်ကူညီနိုင်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ