ကနီမြို့နယ် ညောင်ပင်ဝန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

လွှမ်းမိုး

မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့ ၊ အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ညောင်ပင်ဝန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက မတ်လ ၁၄ ရက် မွန်းလွဲပိုင်း ၂ နာရီအချိန်တွင် ရွာအတွင်း ဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

“မီးအားကောင်းကောင်းနဲ့ လောင်နေတာ နှစ်နာရီနီးပါးလောက်ရှိတယ်။ စစ်ကြောင်းပြန်ဆုတ်သွားတဲ့အချိန် ကာကွယ်ရေး ရဲဘော်တွေက ဝင်ပြီးမီးငြှိမ်းတာတွေ လုပ်ခဲ့တယ်။ ရွာကတော့ အကုန်နီးပါးလောက် ပြာကျသွားတယ်။ စစ်ကြောင်းလည်း ကပ်နေတာကြောင့် မီးလောင်အိမ်ခြေ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူး” ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ဆိုသည်။

ညောင်ပင်ဝန်းကျေးရွာကို ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရေလည်ကျွန်း ပျူရွာရှိ စစ်ကောင်စီတပ်တို့ပူးပေါင်း၍ စစ်အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ ညောင်ပင်ဝန်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း မဇ္စျိမရဲ့ မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

ညောင်ပင်ဝန်း ကျေးရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိ ပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်နေသည့်ကျေးရွာဖြစ်ကာ စစ်ကောင်စီတပ် မီးရှို့မှုကြောင့် စပါးနှင့် အခြားသီးနှံများ မီးလောင်ပျက်စီးခဲ့ရကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းထောက်က သတင်းပေးပို့သည်။

ကနီမြို့ပေါ်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မတ်လ ၂ ရက်နေ့မှစတင်ကာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ၊မတ် ၁၂ ရက်နေ့တွင် မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာခဲ့၍ လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည်။

ထိုကဲ့သို့ စစ်ကောင်စီတပ် စစ်ကြောင်းများနှင့် လက်နက်ကြီးများရန်ကြောင့် ကနီမြို့နယ်အတွင်းရှိ မင်းကုန်း ၊ ညောင်ပင်ဝန်း ၊ တဇယ်ချောင် ၊ ပန်းဆိုင်း ၊ ငါးဖျတ် ၊ မုဠော စတဲ့ကျေးရွာများမှ ဒေသခံ သောင်းနှင့်ချီ စစ်ရှောင်နေကြရပြီး စစ်ရှောင်ရက်ကြာမြင့်လာသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)