၂၀၂၄ အတွက် စီးပွားရေးရည်မှန်းချက်ပြည့်မီရေး အခက်အခဲများစွာကို တရုတ်ရင်ဆိုင်ရဖွယ်ရှိ

တရုတ်နိုင်ငံရှိ ဆောက်လုပ်ဆဲ လူနေအိမ်အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်တွင် အလုပ်သမားများကို မြင်တွေ့ရစဥ်/ ဓာတ်ပုံ- AFP

The Guardian

နိုင်ငံ၏ငွေကြေးဖောင်းပွမှုပြဿနာအဆုံးသတ်ရန် မျှော်လင့်ထားကြသော တရုတ်ခေါင်းဆောင်များသည် ခြောက်လအတွင်း စားသုံးသူတန်ဖိုးများ ပထမဆုံးအကြိမ် မြင့်တက်လာမှုကိုပြသသည့် ယခုသီတင်းပတ်ထုတ်ပြန်သော တရားဝင်စာရင်းဇယားများကြောင့် အားတက်သွားကြဖွယ်ရှိသည်။

အာဏာရကွန်မြူနစ်ပါတီက ၂၀၂၄ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို ငါးရာခိုင်နှုန်းဝန်းကျင်အထိ မြှင့်တင်မည်ဟု ပေကျင်းနှစ်ပတ်လည်အစည်းအဝေးတွင် ကြေညာပြီးနောက် ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် ဝန်ကြီးချုပ် လီချန်းက အဆိုးဆုံး အခြေအနေများကို မျက်ခြည်မပြတ်သင့်ဘဲ အန္တရာယ်များနှင့် စိန်ခေါ်မှုအားလုံးအတွက် ကောင်းစွာ ပြင်ဆင်ထားသင့်ကြောင်း ပါတီကိုယ်စားလှယ်များကို သတိပေးခဲ့သည်။

ငွေကြေးဖောင်းပွမှု သုံးရာခိုင်နှုန်း တိုးလာမှုအပါအဝင် အခြားရည်မှန်းချက်များ ထိခိုက်နေချိန်တွင် ထိုတိုးတက်မှုအဆင့်ကို အကောင်အထည်ဖော်ရန်မှာ လွယ်ကူမည်မဟုတ်ကြောင်း သမားရိုးကျစီးပွားရေးသမားများက အကြံပြုကြသည်။

၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ဂျီဒီပီ ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးမှုသည် အခြားစီးပွားရေးအင်အားကြီးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အထင်ကြီးစရာဖြစ်သော်လည်း ၂၀၁၉ အထိ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပျမ်းမျှ ၇ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်မှုနှင့် ထိုရှေ့ ဆယ်စုနှစ်က ၁၀ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မှုများနှင့် နှိုင်းယှဉ်ပါက မပြောပလောက်ပေ။

လီနှင့်တခြားခေါင်းဆောင်များသည် တပတ်ကြာကျင်းပသောအစည်းအဝေး၌ ၂၀၂၄ ခုနှစ်တွင် အလားတူ စီးပွားရေးတိုးတက်မှုနှုန်းမည်သို့ ရနိုင်မှုနှင့်ပတ်သက်ပြီးလည်း စိုးစဉ်းမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။ ဘတ်ဂျက်လိုငွေပြမှုသည် ယမန်နှစ်က ၃ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်တွင် သုံးရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။

တရားဝင် ကာကွယ်ရေးအသုံးစရိတ်မှာ ၂၀၂၃ ခုနှစ်ကအတိုင်း မပြောင်းလဲဘဲ ၇ ဒသမ ၂ ရာခိုင်နှုန်းတိုးရန် လျာထားသည်။

အစိုးရသည် အသုံးစရိတ်ရန်ပုံငွေအတွက် ယွမ် တထရီလီယံ (ဒေါ်လာ ၁၃၉ ဘီလျံ) ငွေတိုက်စာချုပ်များကို ရောင်းချမည့် အစီအစဉ်များကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် ယွမ် ၁၂၆ ထရီလီယံတန်ဖိုးရှိ စီးပွားရေးတွင် ယင်းငွေတိုက်စာချုပ်တန်ဖိုးများသည် ဂျီဒီပီ၏ ၀ ဒသမ ၈ ရာခိုင်နှုန်းခန့်သာ ရှိသည်။

အိမ်ခြံမြေဈေးကွက် ခေါင်းခဲစရာများ ဆက်ရှိနေ

တရုတ်နိုင်ငံသည် ပြည်တွင်းပြည်ပ စီးပွားရေးအန္တရာယ်နှစ်မျိုးစလုံးကို ကြုံတွေ့နေရပြီး အများစုမှာ ကမ္ဘာ့အကြီးဆုံးဖြစ်သော ၎င်းတို့၏ အိမ်ခြံမြေဈေးကွက် ကျဆင်းမှုကြောင့်ဖြစ်ပြီး နာလန်ပြန်ထူနိုင်မည့်အရိပ်လက္ခဏာမပြပေ။

တရုတ်နိုင်ငံတွင် မရောင်းရသေးသော လူနေအိမ်ခြံမြေ စတုရန်းမီတာ သုံးဘီလီယံခန့်ရှိကြောင်း သြစတြေးလျဘဏ် ANZ မှ ဘောဂဗေဒပညာရှင်များက ပြီးခဲ့သည့်သီတင်းပတ်က ခန့်မှန်းခဲ့သည်။

တရုတ်အနေဖြင့် အဆောက်အဦများကို ထပ်မဆောက်ဘဲ လက်ကျန်များကို ရောင်းထုတ်ရန် သုံးနှစ်ခွဲခန့်ကြာမည်ဖြစ်ကာ ရောင်းရန် နှစ်နှစ် သုံးလကြာခဲ့သော ၂၀၁၄ ခုနှစ်ကထက် အချိန်ပိုပေးရပေလိမ့်မည်ဟု စီးပွားရေးပညာရှင် ရေမွန်ယန်းနှင့်ရှင်းကျားဖိန်တို့က ပြောသည်။

လူနေအိမ်ကြမ်းခင်းဈေးရောင်းအားသည် ယမန်နှစ်က ၁၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ်က ရောင်းအားအမြင့်ဆုံးအောက် ၆၀ ရာခိုင်နှုန်းကျော် ထိုးဆင်းခဲ့သည်။

“လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ရောင်းအားတွေ တိုးလာဖို့မရှိတာကြောင့် လက်ကျန်တွေ အရောင်းဖြတ်ဖို့က ပိုကြာလိမ့်မယ်” ဟု ယန်းနှင့်ကျားဖိန်က ဆိုသည်။

အိမ်ထောင်စုများသည် ၎င်းတို့၏ပိုင်ဆိုင်မှုတန်ဖိုးများ တဖြည်းဖြည်းလျော့နည်းလာသည်နှင့်အမျှ စားသုံးသူယုံကြည်မှု မြင့်တက်လာမည်ကိုလည်း မြင်ရဖို့မရှိပေ။

ဖုံးကွယ်ထားသော ကိန်းဂဏန်းများ

တရုတ်နိုင်ငံတွင် ယမန်နှစ် ဇွန်လက မြို့ပြလူငယ်အလုပ်လက်မဲ့ ၂၁ ရာခိုင်နှုန်းထိ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် အစိုးရသည် ကိန်းဂဏန်းများကို ထုတ်ပြန်မှု ရပ်ဆိုင်းထားသည်။ ထို့ကြောင့် တခြားသော အနုတ်လက္ခဏာဆောင်သည့် ကိန်းဂဏန်းများထုတ်ပြန်မှု ရပ်တန့်တော့မည်လားဆိုသည့် သံသယများဖြစ်စေသည်။

အချက်အလက်ထုတ်ပြန်မှု ရပ်လိုက်ခြင်းသည် အသစ်အဆန်းမဟုတ်ဘဲ နိုင်ငံစာရင်းအင်းဗျူရိုမှ ရရှိနိုင်သော ကိန်းဂဏန်းညွှန်းကိန်းများသည် ၁၉၉၀ ပြည့်လွန်နှစ်များက နောက်ဆုံးတွေ့မြင်ရသည့် အခြေအနေဆီသို့ ပြန်လည်ရောက်ရှိသွားကြောင်း လူသိများထင်ရှားသည့် စီးပွားရေးသမိုင်းပညာရှင် အဒမ်တူးဇဲက ပြောသည်။

သို့သော် ပြင်ပလေ့လာသူများသည် နိုင်ငံတကာတုံ့ပြန်မှုများကိုကြည့်ခြင်းဖြင့် နိုင်ငံတနိုင်ငံ၏စီးပွားရေးအခြေအနေကို တွက်ချက်နိုင်သည်။ တရုတ်သည် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံလည်းဖြစ် အကြီးမားဆုံးစားသုံးသူဖြစ်သည့်အတွက် နိုင်ငံများစွာသည် တရုတ်၏ လုပ်ဆောင်ချက်အပေါ် များစွာ မူတည်နေရသည်။