NUG ရန်ကုန်တိုင်းစစ်ဌာန တပ်သားသစ်ခေါ်ယူမှု လူပြည့်၊ အမျိုးသမီး ၃၀ ရာခိုင်နှုန်းလျှောက်ထား

ရွှေနွယ်

(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း၊ တပ်ဖွဲ့များ၏ တပ်သားသစ်ခေါ်ယူမှုသည် ၄၈ နာရီအတွင်း မျှော်မှန်းအရေအတွက် ပြည့်မီလုနီးပါးဖြစ်သွားပြီး လျှောက်ထားသူများအနက် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါသည်ဟု ရန်ကုန်တိုင်းစစ်ဌာနထံမှ သိရသည်။

ရန်ကုန်တိုင်း စစ်ဌာနမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား တော်လှန်ရေး ပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်လိုစိတ်ရှိသူ တပ်သားသစ်များကို နွေးထွေးစွာကြိုဆိုမည်ဖြစ်ကြောင်း တပ်သားသစ်ခေါ်ယူစာကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၁၂ နာရီအတွင်း တပ်သားသစ်ဝင်ခွင့်လျှောက်လွှာများ ထောင်နှင့်ချီ၍ ရခဲ့သည်ဟုလည်း ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝက မဇ္ဈိမကိုပြောသည်။

“တပ်သားသစ်ခေါ်ယူရေးမှာ ၁၂ နာရီအတွင်းထောင်ချီတဲ့ လျှောက်လွှာတွေ လက်ခံရရခဲ့ပါတယ်။ စိစစ်ရေးကိုဆက်လက် လုပ်ဆောင်နေပါတယ်။ လုပ်ဆောင်ရမယ့် အဆင့်တွေကတော့ အများကြီးကျန်ပါသေးတယ်။ လက်ခံမယ့် အတိုင်းအတာကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ပဲ ဆက်သွားမှာပါ” ဟု ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝက ပြောသည်။

လျှောက်ထားသူများတွင် အမျိုးသမီးဦးရေမှာ ၃၀ ရာခိုင်နှုန်း ပါဝင်သည်ဟုလည်း ရဲဘော်ဒေဝက ပြောသည်။ လက်ရှိတွင် လျှောက်ထားသည်လူဦးရေမှာ မျှော်မှန်းအရေအတွက် ပြည့်မီလုနီးပြီဖြစ်သောကြောင့် လျှောက်လွှာခေါ်ယူခြင်းကို ယာယီပိတ်သိမ်းထားကြောင်းလည်း ရန်ကုန်တိုင်းစစ်ဌာနမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေအား စတင်အမိန့်အာဏာတည်စေပြီဖြစ်ကြောင်း ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်မှတ်ဖြင့် ထုတ်ပြန်အသိပေးခဲ့သည်။

အဆိုပါ ဥပဒေအရ ယေဘုယျအားဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများအားလုံး စစ်မှုထမ်းရမည်ဖြစ်သည်။ ထိုကြေညာချက်ထွက်ပေါ်လာပြီးနောက် ပြည်တွင်းရှိ လူငယ်အများစုသည် နိုင်ငံတွင်းမှစွန့်ခွာရန် ကြိုးပမ်းလျက်ရှိကြပြီး PDF တပ်ရင်းတပ်ဖွဲ့များနှင့်လည်း ချိတ်ဆက်လာသူများပြားလာခြင်းဖြစ်သည်။

“ရန်သူ့ရဲ့ ဒီလှုပ်ရှားမှုကနေ အကျိုးဆက်အနေနဲ့ လူငယ်အများအပြားက ကျွန်တော်တို့နဲ့ လက်တွဲဖို့ ဖြစ်လာခဲ့ပါတယ်” ဟု ရဲဘော်ဒေဝက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ စစ်မှုထမ်းရန် တပ်သားခေါ်ယူမှုကို ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းတွင် ခေါ်ယူသွားမည်ဖြစ်ကြောင်းပြောဆိုထားသည်။ အပတ်စဉ် တခုလျှင် တပ်သား ၅,၀၀၀ ခေါ်ယူမည်ဖြစ်ပြီး တလလျှင် အပတ်စဉ်တခုခေါ်ယူမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများမှာမူ သင်တန်း အပတ်စဉ် (၅) မှ စတင်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီမှ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်၍ ကော်မတီဝင် ၁၈ ဦးပါဝင်သော ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းကိုလည်း ဖေဖော်ဝါရီ ၁၃ ရက် ည ၈ နာရီတွင် ကြေညာသည်။

“ ကျွန်တော်တို့အနေနဲ့ ရန်သူရဲ့ဗျူဟာကို အလွယ်တကူဝေဖန်တာမျိုး လုပ်သွားမှာမဟုတ်ပါဘူး။ စစ်ရေးမှာ အရေးကြီးဆုံးအချက်က ရန်သူကိုအထင်မသေးဖို့ပါ” ဟု ရဲဘော်ဒေဝက ဆိုသည်။

ရန်ကုန်တိုင်း စစ်ဌာနနှင့် အလားတူ နိုင်ငံအဝှမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များမှလည်း တပ်သားသစ်ခေါ်ယူစာများထုတ်ပြန်ထားသည်ကိုတွေ့ရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းခေါ်ယူမည့် သတင်းကြောင့် လက်ရှိတွင် လူငယ်များနှင့် မိဘများမှာ စိုးရိမ်မှုမြင့်တက်လျက်ရှိကြသည်။ ထို့ပြင် ပြည်ပထွက်ခွာခွင့် ဗီဇာလျှောက်ထားသူများ များပြားနေသောကြောင့် ထိုင်းသံရုံးမှ တနေ့တာအတွက် လျှောက်ထားနိုင်သည့် လူဦးရေကို ၄၀၀ သာ ကန့်သတ်လိုက်ကြောင်းလည်း ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)