မြောက်ဦးကို စစ်ကောင်စီ လေကြောင်းမှ ဗုံး ၅ လုံး ကြဲ၊ အမျိူးသမီး တဦး သေဆုံး

ပုံအညွှန်း- စစ်ကောင်စီလေယာဥ်(ဓာတ်ပုံ- ပုံအဟောင်း)

ပုံအညွှန်း- စစ်ကောင်စီလေယာဥ်(ဓာတ်ပုံ- ပုံအဟောင်း)

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံး ငါးလုံးကြဲပစ်ခတ်တိုက်ခိုက်ရာ အမျိူးသမီး တဦးသေဆုံးပြီး အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံက သိရသည်။

ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် မြောက်ဦးမြို့၊ ရွာဟောင်းတောရွာ ကိုးသောင်းဘုရားအနီးသို့ ယနေ့ မတ်လ ၁၅ ရက် နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီလေယာဥ် Y12 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အသင်းမှ ဒါရိုက်တာဦးမြတ်ထွန်းက မဇ္ဈိမကိုပြောသည်။

” ပြီးခဲ့တဲ့တခေါက်ကလည်း မြောက်ဦးမှာလေယာဥ်နဲ့ဗုံးလာကြဲသေးတယ်။ နယ်မြေပြန်ရဖို့ ပစ်တာမဟုတ်ဘဲ ရှူံးမဲမဲပြီး လာပစ်တဲ့သဘောပေါ့။ အဲဲ့ဒီမှာ ဒေသခံတွေ တချို့ရပ်ကွက်မှာ နေတဲ့သူကနေတယ် ။ မနေတဲ့သူတွေက မနေဘူးပေါ့ ။ တမြို့လုံးအတိုင်းအတာနဲ့ ပြန်နေတာ မဟုတ်သေးဘူး”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်မတ်လ ၁၁ ရက် နံနက် ၁၀ နာရီတွင်လည်း မြောက်ဦးမြို့တိမ်ညိုကျေးရွာကို စစ်ကောင်စီက ပစ်မှတ်ထားကာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့သေးသည်။

မြောက်ဦးမြို့အား AA သိမ်းပိုက်ပြီးကာလတွင် ဗုံးကြဲပစ်ခတ်နေသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားထိခိုက်သေဆုံးခြင်း၊ နေအိမ်များထိခိုက်ပျက်စီးခြင်း၊ ရှေးဟောင်းပြတိုက်မှ အမွေအနှစ်ပစ္စည်းများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ရက္ခိုင့်တပ်တော်(AA)မှ ဖေဖော်ဝါရီလလယ်ပိုင်း၌ သိမ်းပိုက်ထားနိုင်သည့် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့တို့အနက် မင်းပြား၊မြောက်ဦးမြို့တို့တွင် လတ်တလော တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးအပြီး တကျော့ပြန်တိုက်ပွဲများစတင်ပြီး သုံးလတာကာလအတွင်း AAက ရခိုင်ပြည်နယ်ရှိမြို့အချို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး လက်ရှိတွင် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး