အက်သလက်တီကိုရဲ့ ချန်ပီယံလိဂ်ပွဲမစခင် လူမျိုးရေးခွဲခြား ကြွေးကြော်သံတွေကို ဗီနီစီးယပ်စ် ရှုတ်ချ

By PKThawn

အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲမစခင်မှာ သူ့ကို ရည်ရွယ်ပြီး အက်သလက်တီကိုမက်ဒရစ်ပရိသတ်တွေဆီက လူမျိုးရေးခွဲခြားအော်ဟစ်မှုတွေကို ရီးယဲလ်မက်ဒရစ်ကြယ်ပွင့် ဗီနီစီးယပ်စ် ဂျူနီယာက ကြာသပတေးနေ့မှာ ရှုတ်ချခဲ့ပါတယ်။

“သူတို့ရဲ့ ပြစ်ဒဏ်နဲ့ပတ်သက်လို့ စဉ်းစားပြီးဖြစ်မယ်လို့ ကျနော် မျှော်လင့်ပါတယ်”လို့ ဘရာဇီးလ်ကစားသမားက ချန်ပီယံလိဂ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA တို့ရဲ့ တရားဝင်အကောင့်တွေကို ရည်ညွှန်းရင်း X မှာ ပြောပါတယ်။

မက်ဒရစ်မြို့က မက်ထရိုပိုလီတာနို ဘောလုံးကွင်းရှေ့မှာ အက်သလက်တီကိုပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားစော်ကားတဲ့ ကြွေးကြော်သံတွေကို ဒီဗီဒီယိုဖိုင်မှာ ကြားသိနိုင်တယ်လို့ အသက် ၂၃ နှစ်အရွယ် ကစားသမားက သူ့ရဲ့မက်ဆေ့ချ်မှာ ရေးသားခဲ့တာပါ။

“ကျနော် မကစားတဲ့ ပွဲစဉ်တွေအတွင်းမှာတောင် ဒီလိုဖြစ်ပျက်နေတာမျိုးက ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်မှန်တခုပါ”လို့ ဗီနီစီးယပ်စ်က အလားတူ မက်ဆေ့ချ်မှာပဲ ထည့်ပြောခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ၂၀၁၈ မှာ ရီးယဲလ်ကို ရောက်လာပြီးကတည်းက လူမျိုးရေးဆိုင်ရာ စော်ကားမှုတွေနဲ့ တွေ့ကြုံနေရတာပါ။

စပိန်ဘောလုံးအဖွဲ့ချုပ်က လိဂ်နဲ့ အားကစားကွင်းအပြင်ဘက်မှာ မဟုတ်ဘဲ ဥရောပပွဲစဉ်တပွဲအတွင်း ဖြစ်ရပ်တွေဖြစ်ပွားခဲ့ရင်တောင် ဒီလို “စိတ်ပျက်ဖွယ်ရာ လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်သံတွေ”အတွက် တိုင်ကြားပေးသွားဖို့ ရည်ရွယ်ထားပါတယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က AFP ကို ပြောပါတယ်။

“လာလီဂါက ဘောလုံးကို အမုန်းတရားကင်းစင်တဲ့ နေရာတခုဖြစ်အောင်လုပ်ဖို့ အလွန်တရာကို သန္နိဋ္ဌာန်ချထားပြီး ဘယ်ပြိုင်ပွဲမှာမဆို လူမျိုးရေးခွဲခြားမှု၊ လိင်တူချစ်သူ မလိုမုန်းထားမှု၊ အကြမ်းဖက်မှု၊ မုန်းတီးမှု… စတဲ့ သဘောထားတွေကို အမြဲတစေ ကိုင်တွယ်ဖြေရှင်းသွားမှာပါ”လို့ ၎င်းက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က ဒီပိုင်းရဲ့နောက်ကျဂိုးက နှစ်ကျော့ပေါင်း ၂-၂ ဂိုးနဲ့ သရေကျစေခဲ့ပြီးနောက် အက်သလက်တီကိုက အင်တာမီလန်ကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။

(AFP)