တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ရာ ပစ်မှတ်ကို သေချာစွာ ထိမှန်ခဲ့ဟုဆို

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်စဉ်

YT

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့ပေါ်ရှိ စစ်ကောင်စီလေတပ်စခန်းကို Brave Warriors for Myanmar (BWM) နှင့် Mountain Knights Civilian Defense Force (MKCDF) ပူးပေါင်းအဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BWM တာဝန်ရှိသူထံက သိရသည်။

မတ်လ ၁၄ ရက်နေ့၊ ည ၈ နာရီ ၄၄ မိနစ်အချိန်တွင် တောင်ငူလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်လုံးမှာ မပေါက်ကွဲခဲ့သော်လည်း ကျန်သုံးလုံးသည် တောင်ငူလေတပ်စခန်းအတွင်း ရည်ရွယ်ထားရာ ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့ကြောင်း ဆိုသည်။

” ကျနော်တို့ရဲဘော်တွေ ငါးလုံးပစ်တာမှာ သုံးလုံးက အောင်တယ်၊ ပစ်မှတ်တွေဆီထိမှန်တယ်၊ နှစ်လုံးက ပစ္စည်းချွတ်ယွင်းမှုဖြစ်တယ်၊ ထိခိုက်မှုအနေနဲ့ကတော့ ဂျက်ဖိုက်တာလေယဥ်နှစ်စီးထိခိုက်ပျက်စီးမှုရှိတယ်၊ အဲ့ကလူအချို့ထိတယ်လို့ သိရပါတယ်” ဟု BWM တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် ချိန်ထားစဉ်

ပူးပေါင်းတပ်ဖွဲ့​၏ တိုက်ခိုက်မှုကြောင့် တောင်ငူလေတပ်အတွင်းရှိ ဂျက်ဖိုက်တာနှစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး အနီးရှိ လူတချို့ ထိခိုက်ခဲ့ကြောင်း BWM က ပြောသော်လည်း မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

တောင်ငူလေတပ်စခန်းသည် မြန်မာနိုင်ငံတောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုများကို လေကြောင်းဖြင့် ဗုံးကြဲဖြိုခွင်းရန်အတွက် စစ်ကောင်စီက အဓိကထား အသုံးပြုနေသည့် လေတပ်တခုဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရှမ်းတောင်၊ ကရင်နီ၊ ကရင်တို့တွင် စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများကို လေကြောင်းဖြင့် ရက်စက်စွာ ပစ်ခတ်နေသည့် စစ်ကောင်စီလေတပ်ကို အမြစ်ဖြတ်ရေးစီမံချက်​၏ အစိတ်အပိုင်းတခု အနေဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” တောင်ငူလေတပ်က စကစအတွက် ဘယ်လောက်အရေးပါသလဲဆိုရင် တောင်ပိုင်းက တော်လှန်ရေးအင်အားစုတွေကို လေကြောင်းနဲ့အသာစီးဗုံးကြဲတိုက်ခိုက်ကြတဲ့အခါမှာ စစ်ကောင်စီအတွက် အဓိကအားကိုး အားထားပြုရတဲ့ လေတပ်စခန်းတွေထဲက တခုပါပဲ၊ မနေ့ညက ကျနော်တို့ရဲဘော်တွေ မပစ်ခင်လေးမှာတင် ဂျက်ဖိုက်တာသုံးစင်းတက်သွားပါသေးတယ်၊ အချိန်မီမပစ်လိုက်ရလို့ စိတ်တော့နည်းနည်း အားမလိုအားမရဖြစ်သွားမိပါသေးတယ်” ဟု BWM တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

လေတပ်စခန်း တိုက်ခိုက်ခံရပြီးချိန်မှစ၍ တောင်ငူလေတပ်စခန်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်က အစစ်အဆေးပြုလုပ်နေပြီး အဝင်၊ အထွက်ကိုပါ ပိတ်ဆို့ကန့်သတ်ထားကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)