ကလေးမြို့တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ ၂ဦး ထပ်မံသေဆုံး

မတ် ၁၄ရက် ညပိုင်းတွင် စစ်ကောင်စီတပ်ပစ်လိုက်သော လက်နက်ကြီးကြေညင့် ပျက်စီးသွားသည့် လက်ပံချောင်းမှ လူနေအိမ်/ဓာတ်ပုံ။ ။ CJ

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း လက်ပံချောင်းကျေးရွာတွင် စစ်ကောင်စီတပ်ကပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ နှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်‌နေ့မတ်လ ၁၄ရက် ည၉နာရီအချိန်ခန့်တွင် ကလေးမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်မှ ပစ်လိုက်သောလက်နက်ကြီးသည် လက်ပံချောင်းရွာအတွင်း နှစ်နေရာသို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ်အချို့အပါအဝင် ခုနစ်ဦးထက်မနည်း ဒဏ်ရာရပြီး နှစ်ဦးသေဆုံးသွားခြင်းဟု သိရသည်။

“လက်နက်ကြီးစထိမှန်လို့ အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်သေသွားတာပါ။ ပွဲချင်းပြီးသေသွားတာ။သူတို့ကနောက်စေ့ကို ကျည်စထိမှန်ပြီးတော့ သေဆုံးသွားတာလို့ ကြားရတယ်” ဟုဒေသခံတဦးကမဇ္စျိမကိုပြောသည်။

သေဆုံးသူနှစ်ဦးမှာ Pi Lalzuali ( ၆၂နှစ်)နှင့် Pu Lalramdika(၄၁နှစ်)တို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လက်ပံချောင်းကျေးရွာသည် ကလေးမြို့မှ ၁၀ မိုင်ခန့်ကွာ‌၀ေးပြီး ယခင်ကလည်း စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံများ ထိခိုက်သေဆုံးမှုရှိခဲ့ဖူးသည်။

ကလေးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၆ရက်နေ့မှစ၍ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု‌၊လမ်းသွားလမ်းလာပြည်သူများအား သေနတ်ဖြင့်ပစ်ခတ်မှုတို့ကြောင့် သေဆုံးသူ ၂၀ဦးထက်မနည်းရှိကြောင်း ဒေသခံများကပြောသည်။ သေဆုံးသူအရေအတွက်ကို မဇ္ဈိမအနေဖြင့် အသေးစိတ်အတည်မပြုနိုင်သေးပေ။

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေ သောကြောင့် ကလေး-ဂန့်ဂေါလမ်းမကြီးအား လုံခြုံရေးအခြေအနေအရ အသွားအလာပိတ်ပင်ထားကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ကလေးမြို့နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းမှကျေးရွာများအပါအဝင် ကလေးမြို့ပေါ်မှ တာဟန်းရပ်ကွက်၊ မွန့်လိုင်၊ ကြို့သုံးပင်နှင့်လှိုင်သာယာရွာ၊ ကလေးမြို့နှင့် ထိဆက်နေသည့် ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့တို့မှ ဒေသခံ၆,၀၀၀နီးပါးသည် ဘေးလွတ်ရာနေရာများသို့ စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။

စာတည်း – အေးချမ်း