ပြင်ဦးလွင်မြို့ သရက်ကုန်းရွာ စစ်စခန်းကို သိမ်းပိုက်၊ စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်

ဓာတ်ပုံ- ကာကွယ်ရေးဝန်ကြီး MDY- PDF ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိခဲ့စဉ်

002

မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် ၁၀ မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်းကို MDY- PDF က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်မှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေရာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း NUG ကာကွယ်ရေး၀န်ကြီးဌာနက ဆိုသည်။

ဧပြီ ၁၅ ရက်နံနက်တွင် ပြင်ဦးလွင်မြို့အနီးရှိ စစ်ကောင်စီ တပ်စွဲထားသော သရက်ကုန်းကျေးရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးက ဆိုသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး စစ်လက်နက်ပစ္စည်းများ ရရှိခဲ့သည်ဟု NUG ကာကွယ်ရေးက ထုတ်ပြန်သည်။

တရက်နီးပါး ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ‌ခြောက်ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ‌နေအိမ်များ ပျက်စီးခဲ့သည်။

သရက်ကုန်းကျေးရွာ စစ်စခန်းမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင်တည်ရှိပြီး စစ်တက္ကသိုလ်(DSA) တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၀ မိုင်အကွာတွင် တည်ရှိသည်။

DSA ကျောင်းမှာ သင်္ကြန်အကျနေ့တွင် ရှော့တိုက်ဒုန်းအလုံး ၂၀ ဖြင့် ပစ်ခတ်တိုက်ခံခဲ့ရသေးသည်။

အဆိုပါစစ်စခန်းကို ပြန်လည်ရရှိရန် ဧပြီ ၁၉ ရက်မှစတင်ကာ စစ်ကောင်စီက ကြည်း‌ကြောင်း၊ လေ‌ကြောင်းများဖြင့် တန်ပြန်ထိုးစစ်ဆင်လာခဲ့ရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု NUG ကာကွယ်ရေးက ဆိုသည်။

ဧပြီ ၁၉ ရက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များပြားခဲ့ပြီး ဧပြီ ၂၀ ရက်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် နှစ်ဦး ကျဆုံးခဲ့သည်ဟု NUG ကာကွယ်ရေးကဆိုသည်။

ဧပြီ ၂၁ ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၃ ဦး သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ စစ်ကောင်စီလေတပ်မှ စစ်ရေးပစ်မှတ် မဟုတ်သည့် ပါဟက်ရွာ ဘုန်းကြီးကျောင်း၊ ဇာလီရွာ ဘုန်းကြီးကျောင်း၊ သရက်ကုန်း ဘုန်းကြီးကျောင်းများသို့ လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ် ပြုလုပ်ခဲ့သည်။

ဧပြီ ၂၂ ရက် ညပိုင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီး တည်နေရာသို့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဧပြီ ၂၃ ရက်တိုက်ပွဲတွင် စစ်ကောင်စီ ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ဧပြီ ၂၄ ရက်တွင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက် ခဲ့ကာဧပြီ ၂၅ ရက် နေ့လယ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၁၃ ဦးခန့် သေဆုံးပြီး ၁၆ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ပြုလုပ်ခဲ့ရာ ဘုန်းကြီးကျောင်းများအတွင်းသို့ ၂၆ ကြိမ် ကျရောက်ခဲ့ပြီး ပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ ရှစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း NUG ကာကွယ်ရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စာတည်း – သန့်ဇော်(သန်လျင်)