အမ်းမြို့တွင် အကျဉ်းသား  ၁၀ ကျော်ကို စစ်ကောင်စီ တပ်အတွင်း ခေါ်​ဆောင်

ဓါတ်ပုံ-အမ်းမြို့မရဲစခန်း

ဓါတ်ပုံ-အမ်းမြို့မရဲစခန်း

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့တွင်  နိုင်ငံရေး အကျဉ်းသား ဦးရေ ၁၀ကျော်ကို အကျဉ်းထောင်သို့ မပို့ဘဲ  စစ်ကောင်စီက တပ်အတွင်း ခေါ်ဆောင်သွားကြောင်း သိရသည်။

ရက္ခိုင့်တပ်​​တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ၁၇(၁)  ပုဒ်မ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများအား ထိုသို့ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယခင် မြောက်ဦးမြို့တွင်ဖမ်းဆီးထားသည့်အရပ်သားများအား စစ်ကောင်စီက ပစ်သတ်သကဲ့သို့ ပြုလုပ်မည်ကို အကျဉ်းသားများ၏  မိသားစုဝင်များက စိုးရိမ်ပူပန်​နေကြ‌ေကြာင်း နီးစပ်သူများက ဆိုသည်။

“တရားရုံးကအသိတ​ယောက်ဆီကျွန်​​တော်မေးကြည့်​တော့ သူတို့ကိုအ​ပေါ်က​နေဖိအား​ပေးတာ​ပေါ့။ အမ်းအချုပ်မှာတရားခံ​များလာတဲ့အတွက်ဒီဟာ​တွေမြန်မြန်ဖြတ်ပြီး​​တော့အမိန့်ချ​ပပေးပါဆိုပြီး မနေ့က ည​နေ ၅ နာရီအထိအမိန့်ချ​နေတုန်းပဲ။ အမိန့်ချပြီး​သူ​တွေကိုရဲစခန်းမှာထားပြီးနောက်တရက်​နေ​တော့​တပ်ကခေါ်သွားတာ ဓါးစာခံလုပ်မလား၊သတ်ပစ်မလားမသိရဘူး​​ပေါ့။”ဟု တရားရုံးနှင့် နီးစပ်သူ တဦးက ဆိုသည်။

ယခုရက်ပိုင်းအတွင်းအမိန့်ချရန် ပြည်နယ်တရားလွှတ်​တော်မှညွှန်ကြားထားခြင်းဖြစ်ပြီး မတ်လ ၁၅ ရက် ညနေပိုင်း အချိန်ထိ အမိန့်ချ​နေဆဲဖြစ်ကြောင်း သိရသည်။

အမိန့်ကျသူများအား အကျဥ်း​ထောင်သို့မပို့​ဆောင်ဘဲ စစ်​ကောင်စီတပ်က မျက်နှာဖုံးအနက်စွပ်ကာ​ တပ်အတွင်းခေါ်​ဆောင်သွားခြင်းဖြစ်​ကြောင်းတရား​ရုံးနှင့်နီးစပ်သည့်သတင်းရင်းမြစ်က မဇ္စျိမကို​ပြောသည်။

”  ရဲစခန်းက​နေလာ​ခေါ်ရင်လည်း မျက်နှာဖုံးအနက်စွပ်​ခေါ်သွားကြ​တော့ ဘယ်တပ်တွေကို ခေါ်သွားလည်းဆိုတာ ရဲထဲကဖရဲသီး(အတွင်းသတင်း​ပေး)လည်းမသိရဘူး ခန့်မှန်းလို့မရဘူး။အရင်က​မြောက်ဦးမှာသတ်ပစ်တဲ့ဖြစ်စဥ်ရှိဖူး​တော့ အကျဥ်း​ထောင်ကို​ခေါ်ရင် သိပ်စိတ်မပူ​ပေမယ့်တပ်ထဲကို​ခေါ်သွား​တော့ မိသားစုဝင်​တွေစိတ်ပူ​နေကြတယ်”ဟု၎င်းက​ပြောသည်။

စစ်​အာဏာသိမ်းပြီး​နောက်အမ်းမြို့တွင် ၁၇(၁)ဖြင့် အမှုဖွင့်စွပ်စွဲထားသူ ၃၈ ​ဦး၊၅၀၅-က အမှု ဖြင့် ၁၀ ဦး ရှိသည့်အနက် တ​ကျော့ပြန်တိုက်ပွဲမတိုင်ခင်အမိန့်ချလိုက်သည့် ပထမတသုတ် ၁၀ ဦး​ကျော်အားအမ်းမြို့တွင်အကျဥ်း​ထောင်မရှိ​သော​ကြောင့် စစ်​တွေအကျဥ်း​ထောင်သို့​လေယာဥ်ဖြင့်ပို့​ဆောင်ခဲ့သည်။

သို့​သော် ​တ​ကျော့ပြန်တိုက်ပွဲစတင်ပြီး​နောက် ယခုရက်ပိုင်းအတွင်းအမိန့်ကျသည့်ကျန်တသုတ်ကိုမူ စစ်​တွေမြို့အကျဥ်း​ထောင်သို့ပို့​ဆောင်​ခြင်းမရှိဘဲ စစ်​ကောင်စီတပ်ရင်းများရှိရာသို့သာ​ ခေါ်​​ဆောင်သွားခြင်းဖြစ်​ကြောင်း ​အမိန့်ကျသည့် မိသားစုဝင်များနှင့်နီးစပ်သည့်ဒေသခံသတင်းရင်းမြစ်ထံသိရသည်။

” ၁၇(၁ ( ကိုကျ​တော့  AA တပ်ဖွဲ့ဝင်​တော့မဟုတ်ဘူး။AA နဲ့ပတ်သက်ပြီးရွာမှာ အစည်းအ​ဝေး​​ခေါ်လို့ တက်တဲ့သူ​တွေရယ်၊ ၅၀၅ ပုဒ်မတွေကတော့ တ​ကျော့ပြန်တိုက်ပွဲဖြစ်ပြီးမှဖမ်းတာ သူတို့ကိုကျ​တော့အမ်းမြို့ကို AAဘယ်အချိန်လာသိမ်းမှာလဲ မြန်မြန်လာသိမ်း မြန်မြန်​အေးတာပဲလို့ လိုင်း​ပေါ်ပိုစ့်တင်တဲ့သူ​တွေကို ​ဖေ့စ်ဘွတ်က​နေ​စောင့်ကြည့်ပြီးဖမ်းတာ​ပေါ့”ဟု​ဒေသခံသတင်းရင်းမြစ်တဦးက​ပြောသည်။

မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၈ )သည် သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟအပါအဝင်အရပ်သား ခုနစ် ဦးကို ဖမ်းဆီးထားပြီး ဇန်နဝါရီလ ၃၁ ရက် တွင် သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်းရက္ခိုင့်တပ်​တော်( AA)က ထုတ်ပြန်ခဲ့သည်။
 
ထိုဖြစ်ရပ်အပေါ် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းဖြစ်သည်ဟုစစ်​ကောင်စီဝါဒဖြန့်သတင်းစာများတွင်​ဖော်ပြခဲ့ဖူးသည်။

ရခိုင်ပြည်နယ်တွင် တ​ကျော့ပြန်တိုက်ပွဲစတင်ပြီး​​နောက် စစ်​ကောင်စီက ​ဒေသခံအရပ်သား ၄၀၀ ​ကျော်ကိုဖမ်းဆီးခဲ့သည်။

ယင်းတို့အနက် ၅၀၅-က ဖြင့် အမှုဖွင့်ဖမ်းဆီးထားသူမှာ တပြည်နယ်လုံးအတိုင်းအတာအရ  ၄၀ ဦးဝန်းကျင်ရှိ၍ ၎င်းတို့မှာ စစ်တွေ၊အမ်း၊​ကျောက်​တော်၊မြောက်ဦးတို့်မှဖြစ်​ကြောင်း တရား​ရေးနှင့်နီးစပ်သည့်သတင်းရင်းမြစ်များထံကသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး