တောင်ငူခရိုင်အတွင်း ကျေးရွာ ၂၆ ရွာ၌ NUG အုပ်ချုပ်ရေးလည်ပတ်

ပုံအညွှန်း- တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးအမှတ်(၁) တပ်ရင်း ဒေသအတွင်းလှုပ်ရှားမှုပုံရိပ်အချို့။

ပုံအညွှန်း- တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးအမှတ်(၁) တပ်ရင်း ဒေသအတွင်းလှုပ်ရှားမှုပုံရိပ်အချို့။

ရွှေနွယ်

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာအား အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ငူခရိုင်အမှတ် (၁)တပ်ရင်းမှ သိမ်းပိုက်စိုးမိုးထားနိုင်ပြီး လက်ရှိတွင် အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိသည်ဟု တောင်ငူခရိုင် ၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁) ၏ တပ်ရင်းမှူးက မဇ္ဈိမကိုပြောသည်။

အာဏာသိမ်းပြီးနောက် တနှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်အတွင်းတွင် ကျေးရွာ ခုနှစ်ရွာကို စိုးမိုးနယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်းတွင်မူ ကျေးရွာ ၂၀ ခန့်ကို ထပ်မံစိုးမိုးနိုင်ခဲ့သည့်အတွက် လက်ရှိတွင် ပိုင်ပိုင်နိုင်နိုင် စိုးမိုးနယ်မြေဖော်ဆောင်ထားနိုင်သည်မှာ ၂၆ ရွာရှိပြီဖြစ်ကြောင်း ၎င်းကပြောသည်။

“၂၀၂၃ နှစ်အကုန်မှာဆိုရင်တော့ ၂၆ ရွာ။ တကယ်ပြောမယ်ဆိုရင်ကျွန်တော်တို့ရွာ ၃၀ လောက်တောင်ရှိနေပြီပေါ့နော်။ ဒါပေမယ့် စာရင်းဝင်ထားတာက ၂၆ ရွာပါ။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရိုးမတိုက်နယ်(ယာယီ) အဖြစ် သတ်မှတ်ထားပါတယ်” ဟု တောင်ငူခရိုင် အမှတ် (၁)တပ်ရင်း၊ တပ်ရင်းအမှတ် (၃၅၀၁) ၏ တပ်ရင်းမှူးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ကျေးရွာများတည်ရှိသည့် တည်နေရာ၊ မြို့အမည်တို့ကိုမူ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် အကျိူးဆက်ကို မျှော်တွေး၍ ထုတ်ဖော်ပြောဆိုခြင်းမပြုလိုကြောင်း ၎င်းကဆိုသည်။

ထို့အပြင် အဆိုပါ စိုးမိုးနယ်မြေများတွင် ကျန်းမာရေး၊ ပညာရေးနှင့် တရားစီရင်ရေးတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

“တရားစီရင်ရေးပိုင်းကကျတော့ လောလောဆယ် ရပ်ရွာဓလေ့ထုံးတမ်းတွေနဲ့ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးမှာပါဝင်တဲ့ နယ်မြေခံအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ပူးတွဲပြီးဖြေရှင်းတဲ့စနစ်မျိုးနဲ့သွားနေတယ်။ အဓိက ရာဇဝတ်မှုခင်းတွေတော့ ဒီနယ်ထဲမှာမရှိသေးဘူး” ဟု တောင်ငူခရိုင် အမှတ် (၁)တပ်ရင်း၏ တပ်ရင်းမှူးက ပြောသည်။

ထို့အပြင် ကျန်းမာရေးနှင့်ပတ်သက်၍လည်း စိုးမိုးနယ်မြေရှိ ကျေးရွာများမှ တရွာလျှင် နှစ်ဦးနှုန်းဖြင့် ခေါ်ယူကာ ဆရာဝန်တဦးမှ ရပ်ရွာအခြေပြုကျန်းမာရေးစောင့်ရှောက်မှု ဆေးသင်တန်းပေးလျက်ရှိကြောင်းနှင့် သင်တန်းအပတ်စဉ် သုံးခု ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“တကယ်တမ်းကျွန်တော်တို့ရုန်းကန်နေရတာတော့ နှစ်နှစ်လောက်ရှိပြီပေါ့။ တပ်အတွက်ရော ပြည်သူတွေ စစ်ရှောင်တွေ အတွက်ရောပေါ့။ ဝန်ကြီးဌာနနဲ့ NUG အစိုးရဘက်ကလည်း ထောက်ပံ့တယ်။ ကူညီတယ်။ ဒါပေမယ့် NUG အနေနဲ့လည်း နယ်မြေကျယ်ပြန့်နေတာဖြစ်တဲ့အတွက် ပြင်ပအကူအညီလည်း လိုအပ်မှုတော့ရှိပါတယ်” ဟု တောင်ငူခရိုင် အမှတ် (၁)တပ်ရင်း၏ တပ်ရင်းမှူးက မဇ္ဈိမကိုပြောသည်။

တောင်ငူခရိုင်အတွင်းတွင် တောင်ငူ၊ ရေတာရှည်၊ ဖြူး၊ အုတ်တွင်းနှင့် ထန်းတပင်မြို့နယ်တို့ပါဝင်သည်။ တောင်ငူမြို့သည် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာမြို့ဖြစ်ပြီး ခရိုင်နယ်နိမိတ်အားဖြင့် နေပြည်တော်နှင့် ထိစပ်လျက်ရှိသည်။

လက်ရှိတွင် NUG-MOD ၏ အမှတ် (၂) စစ်ဒေသ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအနေဖြင့်လည်း ရန်ကုန်−မန္တလေးလမ်းပိုင်း စိုးမိုးနိုင်ရေးနှင့် စစ်တောင်းမြစ်ဝှမ်းဒေသ စိုးမိုးရေးတို့ကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်းလည်း ပြည်သူကို အသိပေးကြေညာထားသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ပဲခူးတိုင်းအရှေ့ခြမ်းတွင် စစ်ရေးအရှိန်မြင့်တက်လာခဲ့ပြီး မုန်းမြို့သိမ်းတိုက်ပွဲ၊ နတ်သံကွင်းမြို့သိမ်းတိုက်ပွဲတို့ကိုလည်း ဖော်ဆောင်နိုင်ခဲ့သည်။

လက်ရှိ တောင်ငူခရိုင်အမှတ် (၁) တပ်ရင်း၏ စိုးမိုးနယ်မြေ ” ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရိုးမတိုက်နယ်(ယာယီ)” တည်ရှိရာ တောင်ငူခရိုင်သည် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်သို့ တိုက်ရိုက်ခြိမ်းခြောက်နိုင်မည့် ဝင်ပေါက်တခုဖြစ်ကြောင်းလည်း စစ်ရေးအကဲခတ်တို့၏ သုံးသပ်ပြောဆိုမှုများရှိနေသည်။

စာတည်း။ ။ ဖူးသိမ်ကျ