TNLA သိမ်းပိုက်ထားသည့် နမ္မတူဆေးရုံ CDM ဆရာ၀န်ကြီးအချို့နှင့် စတင်လည်ပတ်

(မဇ္ဈိမ)။ ။တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသရှိ နမ္မတူမြို့ ပြည်သူ့ဆေးရုံတွင် CDM ဆရာဝန်များ အပါအဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများနှင့် စတင်လည်ပတ်နေပြီဖြစ်ကြောင်း TNLA ကျန်းမာ ရေးဌာနမှ တာ၀န်ရှိသူတဦးက ‌ပြောသည်။

အောက်မြန်မာပြည်မှဖိတ်ခေါ်ထားသည့် ကျွမ်းကျင် CDM ဆရာဝန်ကြီးအချို့နှင့်အတူ CDM ပြုလုပ်ထား သည့် ဒေသခံ ကျန်းမာရေးဝန်ထမ်းများ၊ CBHT ဆရာ/ဆရာမများအပါအ၀င် ကျန်းမာရေးဝန်ထမ်း ၁၈ ဦး ဖြင့် စတင်လည်ပတ်နေခြင်းဖြစ်သည်။

“အစပဲရှိသေးတာဆိုတော့ လိုအပ်ချက်တွေက ရှိပါတယ်၊ ဒါပေမယ့် ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ် ချက်တွေကို အချိန်မရွေး အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ ကျနော်တို့ကြိုးစားနေပါတယ်”ဟု PSLF/TNLA ကျန်းမာ‌ရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

နမ္မတူပြည်သူ့ဆေးရုံတွင် လိုအပ်ချက်တချို့နှင့် ဝန်ထမ်းအင်အား လုံလောက်မှုမရှိသေးသော်လည်း ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ၂၄ နာရီ အချိန်ပြည့်ပေးနိုင်ရန် ကြိုးစားနေပြီး CDM ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းမည် သူမဆို ဖိတ်ခေါ်သည်ဟု TNLA က ဆိုသည်။

“အခုဒီမှာက ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းတွေက အများဆုံးပါဝင်ပါတယ်၊ ဝန်ထမ်းအင်အားက လုံလုံလောက်လောက်တော့ မရှိသေးဘူး။ ဒါကြောင့် ဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်က CDM လုပ်ထားတဲ့ ဘယ်သူမဆို ကျနော်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ် ”ဟု PSLF/TNLA ကျန်းမာ‌ရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

နမ္မတူမြို့အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)မှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီထံမှ အပြီးသတ်သိမ်းပိုက်ခဲ့သည်။

စာတည်း။ ။စောဖေ