လစာခံစားခြင်းမရှိဘဲ အလှုငွေများ အလွဲသုံးစားမလုပ်‌ကြောင်း NUG ဆက်သွယ်ရေး၀န်ကြီး ပြော

002

(မဇ္ဈိမ)။ ။CRPH နှင့် NUG အစိုးရတွင် ဝန်ကြီးတာဝန်ယူထားသည့်ကာလများအတွင်း လစာခံစားခြင်းမရှိ ဘဲ အလှုငွေများကိုလည်း အလွဲသုံးစားမလုပ်ကြောင်း ဆက်သွယ်ရေး၀န်ကြီး ‌ဦးထင်လင်းအောင်က‌ပြောသည်။

သက္ကမိုးညိုအပါအ၀င် အချို့က လူမှုကွန်ရက်စာမျက်နှာများတွင် စွပ်စွဲရေးသားမှုများနှင့်ပတ်သက်ပြီး ဦးထင်လင်းအောင်က တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

“CRPH နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်အနေနဲ့ တာဝန်ယူခဲ့စဉ်ကရော NUG ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးအဖြစ် တာဝန်ယူစဉ်မှာရော ကျနော် မည်သည့်လုပ်ခလစာ တပြားတချပ်မှ မယူခဲ့ဘူးပါ” ဟု ဦးထင်လင်း‌အောင်က ‌ပြောသည်။

မိသားစုရပ်တည်ရေးအတွက် အမေရိကန်တွင် အိမ်ဝယ်‌ရောင်းပြင်ဆင်ခြင်းလုပ်ငန်းဖြင့် ရပ်တည်နေပြီး တော်လှန်ရေးတာ၀န်များထမ်းဆောင်နေသဖြင့် အဓိကအလုပ်အကိုင်ဖြစ်သည့် Network Engineer လုပ်ငန်းကိုစွန့်လွှတ်ခဲ့ရသည်ဟု ၎င်းက ပြောသည်။

“အမေရိကားကို ခိုလှုံခွင့်နဲ့ ၂၀၀၈ မှာ ရောက်ပါတယ်။ ကျောင်းဆက်တက် အင်ဂျင်နီယာဘွဲ့ရပြီး State Police မှာ Network Engineer အလုပ်လုပ်ရင်း တဖက်က အိမ်ရောင်းအိမ်ဝယ်လုပ်ပါတယ်။

နွေဦးတော် လှန်ရေးဖြစ်လာတဲ့အခါ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်အဖြစ်တာဝန်ယူခဲ့ရချိန် အလုပ်နှစ်ခုနဲ့ ဘယ်လိုမှမနိုင်တော့တာကြောင့် ကျနော့်ရဲ့ပရော်ဖက်ရှင်နယ်အလုပ်ဖြစ်တဲ့ Network Engineer အလုပ် ကိုထွက်ပြီး မြန်မာပြည်အရေးကို တဖက်ကလုပ်နေရင်း တဖက်မှာ မိသားစုစားဝတ်နေရေးအတွက် အိမ် ရောင်းအိမ်ဝယ်အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်”ဟု ဦးထင်လင်းအောင်က ‌ပြောသည်။

အမေရိကန်တွင်အိမ်၀ယ်ယူထားခြင်းမှာ အိမ်၀ယ်ရောင်းပြင်ဆင်ခြင်းလုပ်ငန်းမှ ရရှိသည့်၀င်ငွေ၊ ဘဏ် ချေးငွေများဖြင့် ၀ယ်ယူထားခြင်းဟု ၎င်းက‌ပြောသည်။

“ပင်ဆယ်ဗေးနီးယားမှာ ကျနော် အိမ်ဝယ်ထားတာ ဟုတ်ပါတယ်။ ကျနော့်လုပ်ငန်းတခုဖြစ်တဲ့ အိမ်ဝယ် ရောင်းပြင်ဆင်ခြင်းလုပ်ငန်းကနေ ဘဏ်နဲ့ချိတ်ဆက်ဝယ်ယူပြီး လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။ ပြည်သူ တွေရဲ့အလှူငွေတွေကို ကျနော်မကိုင်တွယ်ပါဘူး။ ဝန်ကြီးဌာန ငွေစာရင်းအဖွဲ့ကသာ ပြည်သူ့အလှူငွေ ကိုကိုင်တွယ်ပါတယ်” ဟု ဦးထင်လင်းအောင်က ‌ပြောသည်။

Global Fund For Burma အဖွဲ့၏ငွေကြေးများအပေါ် သက္ကမိုးညို၏စွပ်စွဲမှုများနှင့်ပတ်သက်၍ ယင်း အဖွဲ့မှာ အမေရိကန်တွင် တရား၀င်မှတ်ပုံတင်ထားသည့်အဖွဲ့ဖြစ်ပြီး ငွေကြေးပိုင်းကို ကိုင်တွယ်ခြင်းမရှိ သကဲ့သို့ အလွဲသုံးစားလုပ်မှုလည်းမရှိကြောင်း ၎င်းကဆက်‌ပြောသည်။

“အမေရိကားမှာ တရားဝင် registered လုပ်ထားတဲ့အဖွဲ့ကငွေတွေကို ကျနော် လုပ်ချင်တိုင်းလုပ်ခွင့်မရှိ ပါဘူး။ ဒီအဖွဲ့မှာလည်း ‌ငွေတွေကို ကျနော်မကိုင်တွယ်ပါဘူး။ ၂၀၂၂ ဖွဲ့စည်းကာစ tax filing တခုကိုချပြ ပြီး ငွေကြေးတွေ ဥထားတယ်ဆိုတဲ့ပြောဆိုမှုဟာ ကျနော်နဲ့ကျနော့်အဖွဲ့အစည်းကို အလွန်ထိခိုက်စေတဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ ၂၀၂၂ နိုဝင်ဘာမှာဝင်လာတဲ့ငွေကြေးအသုံးပြုမှုဟာ ၂၀၂၃/ ၂၀၂၄ tax file ရတဲ့ အခါ ပြည်သူတွေကြည့်ရှုနိုင်ပါလိမ့်မယ် ”ဟု ဦးထင်လင်း‌အောင်က ‌ပြောသည်။

တော်လှန်ရေးအရှိန်မြင့်နေသည့်အချိန်တွင် စွပ်စွဲချက်များကို ပြန်လည်မ‌ဖြေရှင်းပါက ပြည်သူများ အထင် အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ဖြေရှင်းခြင်းဖြစ်သည်ဟု NUG ဆက်သွယ်ရေး၀န်ကြီးက‌ပြော သည်။

“ကျနော် ပြည်သူ့ငွေအလှူငွေတွေအပေါ် အလွဲသုံးစားမှု‌တွေလုပ်ခဲ့တဲ့ တိကျတဲ့သက်သေခိုင်မာရင် ကျနော် ခံယူဖို့အသင့်ရှိပါတယ်။ ဒီလိုပဲ လူတယောက်ကို မခိုင်မာတဲ့အချက်အလက်တွေနဲ့ စွပ်စွဲအသရေ ဖျက်မှုအတွက် တာဝန်ခံမှုတာဝန်ယူမှုတော့ ရှိစေချင်ပါတယ်။

ကျနော် မြန်မာပြည်အတွက် တာဝန်ယူ တာဝန်ခံအလုပ်လုပ်ရခြင်းမှာ ရရှိတဲ့ resources တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ကိုင်ပါ တယ်။ တော်လှန်ရေးအစိုးရတရပ်ရဲ့ဝန်ကြီးတယောက်မှာ အားနည်းချက် အားသာချက်တွေ ရှိကောင်းရှိ ပါလိမ့်မယ်။

ဒါပေမယ့် ငွေကြေးပိုင်းဆိုင်ရာ စွပ်စွဲပြောဆိုမှုတွေကိုတော့ ကျနော့်ဂုဏ်သိက္ခာအတွက် ရှင်း ရှင်းလင်းလင်း ပြည်သူကိုသိစေချင်ပါတယ်။ ဒီထက် အသေးစိတ်သိချင်ရင်လည်း လာမေးပါ” ဟု ဦးထင် လင်း‌အောင်က ‌ပြောသည်။

NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးအဖြစ်တာ၀န်ယူထားသည့် ဦးထင် လင်းအောင်မှာ ၂၀၀၀ ခုနှစ်က ကျောင်းသားလှုပ်ရှားမှုများကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွင်လည်းပါ၀င်ခြင်းကြောင့် စစ်အစိုးရက ဖမ်းဆီးရန်ကြိုးစားခဲ့ရာ အမေရိကန်သို့ တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ