ရိက္ခာဖြတ်ခံထားရသည့် ထားဝယ်ခရိုင်မှကျေးရွာအချို့ကို စားသောက်ကုန်များ ထက်ဝက်စျေးဖြင့် ရောင်း ချ

စစ်ရှောင်များအား ထက်ဝက်စျေးရောင်းချစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းမှ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စားဝတ်နေရေး အခက်အခဲနှင့်ကြုံတွေ့နေရသည့် ကျေးရွာများကို ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြု ရေးအဖွဲ့က အခြေခံစားသောက်ကုန်များ ထက်ဝက်စျေးဖြင့် သွားရောက်ရောင်းချပေးနေကြောင်းသိရ သည်။

အဆိုပါကျေးရွာများသည် စစ်ကောင်စီက သွားလာခွင့်ပိတ်ဆို့ပြီး စားနပ်ရိက္ခာသယ်ဆောင်ခွင့် ပိတ်ခံထား ရသည့် ဒေသများဖြစ်၍ စားဝတ်နေရေးသက်သာချောင်ချိရေးအတွက် ထက်ဝက်စျေးဆိုင် ဖွင့်လှစ်ရောင်း ချပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ထံမှ သိရ သည်။

“ရည်ရွယ်ချက်ကတော့ သက်သာချောင်ချိရေးပါပဲ။ ကျနော်တို့ အခုလုပ်ခဲ့တဲ့နေရာက ရိက္ခာဖြတ်တောက် ခံထားရတဲ့ ဒေသလည်းဖြစ်တယ်၊ ပြီးတော့ ကုန်ဈေးနှုန်းကလည်း တော်တော်မြင့်တဲ့ဒေသဖြစ်ပါတယ်” ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံက ပြောသည်။

အဆိုပါဒေသတွင် စားနပ်ရိက္ခာဖြတ်တောက်ခံရမှုကြောင့် ကလေးသူငယ်များမှာ အာဟာရ ဝဝလင်လင် စားရခြင်းမရှိကြောင်း၊ အချို့ကလေးများမှာ ထမင်းတပန်းကန်လောက်သာစားနေရ၍ ၎င်းတို့အတွက် ထက်ဝက်အကုန်အကျခံပြီး ရောင်းချပေးရခြင်းဖြစ်ကြောင်း ကိုယောနသံကဆိုသည်။

ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့အနေဖြင့် ထက်ဝက်စျေးဆိုင်ဖွင့်လှစ် ရောင်းချပေးခဲ့ရာတွင် ဆန်၊ ဆီ၊ ဆားစသော အခြေခံစားသောက်ကုန်များကို အိမ်ထောင်စုအလိုက် ရောင်း ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလို ထက်ဝက်ဈေးဆိုင်ရောင်းချမှုအစီအစဥ်တွေကို မတူညီတဲ့ဒေသတွေ၊ လိုအပ်နေတဲ့ဒေသတွေမှာ ထပ်လုပ်ဖို့ရှိပါတယ်”ဟု ကိုယောနသံက ဆက်ပြောသည်။

ထားဝယ်ခရိုင်တွင် အရှေ့တောဒေသ၌ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဖေဖော်ဝါရီ လက စစ်ဘေးရှောင် ၇,၀၀၀ ကျော်ရှိရာမှ လက်ရှိတွင် ၁၀,၀၀၀ ဝန်းကျင်အထိတိုးလာကြောင်း သိရ သည်။

စာတည်း။ ။စောဖေ