ကနီမြို့နယ် နတ်ကြီးကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ နတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၁၉ ရက် နံနက် ၁ နာရီ ၅၀ မိနစ် အချိန်တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။

“ဂျက်တိုက်လေယာဉ်နဲ့ လာပြီး ရွာကူးတို့ဆိပ်ကို နှစ်ကြိမ် ဗုံးကြဲသွားတာ။ တကြိမ်ကြဲရင် ဗုံးပေါက်ကွဲသံ လေးခါ ဆက်တိုက်ကြားရပါတယ်။ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီးနောက်မှာ လေယာဉ်နဲ့ ၁၀ ပတ်ခန့် ပတ်ပျံတယ်။ လူထိခိုက်မှု မရှိခဲ့ဘူး” ဟုဒေသခံကပြောသည်။

မတ်လ ၂ ရက်နေ့မှ စတင်ကာ ကနီမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များကို အသုံးပြု၍ ကျေးရွာများကို တိုက်ခိုက်နေခြင်း ဖြစ်သည်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အင်အားစုတွေ ရှိမယ် အထင်နဲ့ လေကြောင်းသုံး တိုက်ခိုက်တာတွေကို စစ်တပ်က လုပ်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က သတင်းအမှားတွေနဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေလုပ်တော့ ပြည်သူတွေပဲ ဆုံးရှုံးမှုတွေ များခဲ့ရတာ ဖြစ်တယ်” ဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)တာဝန်ခံ ကိုဝေဖြိုးသန့်က ပြောသည်။

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်က မတ်လအတွင်း ဂျက်တိုက်လေယာဉ် အသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ခန့်အထိ ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများကြောင့် ကနီမြို့ပေါ် ရပ်ကွက်(၃) ၊ ရပ်ကွက်(၂) ၊ မင်းကုန်း ၊ တဇယ်ချောင် ကျေးရွာများမှ နေအိမ်များ ပျက်စီးခဲ့ကာ ဒေသခံတဦး သေဆုံးခဲ့ကြောင်း မဇ္စျိမ၏ မြေပြင်သတင်း အရင်းအမြစ်ထံက သိရသည်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အပြင် ခြေလျင်စစ်ကြောင်းထိုးမှုများ ပြုလုပ်နေခြင်းကြောင့် ကနီမြို့နယ်ရှိ ထူး၊ တောင်ပေါက်၊ ပေါက်အင်းမြိုင်၊ မင်းကုန်း၊ တဇယ်ချောင်၊ ညောင်ပင်ဝန်း စသည့်ကျေးရွာများမှ ဒေသခံ သောင်းနှင့်ချီ၍ စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ