အာဏာရှင်စနစ်ဆိုး ခေါင်းမထောင်နိုင်အောင် ဖိဖိစီးစီးလုပ်ကြဖို့ NUG ယာယီသမ္မတ ‌တိုက်တွန်း

မဇ္ဈိမ။ ။ နွေဦးတော်လှန်ရေးတွင် အရေးကြီးဆုံးအရာဖြစ်သည့် အာဏာရှင်စနစ်ဆိုး ခေါင်းမထောင်နိုင်အောင် ဖိဖိစီးစီးလုပ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ( NUG )ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ‌ပြောသည်။

“ အရေးအကြီးဆုံးကတော့ စစ်အာဏာရှင်စနစ်ဆိုး ပြန်လည် ‌ခေါင်းမထောင်နိုင်အောင် ဖိဖိစီးစီးလုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စကို လုံးဝမေ့လျော့လို့ မရသလို၊ ပေါ့ပေါ့လျော့လျော့ လုပ်လို့မဖြစ်ဘူးဆိုတာ ကျွန်တော်တို့အားလုံး နှလုံးသွင်းထားကြဖို့ လိုပါတယ် ”ဟု ယာယီသမ္မတက ‌ပြောသည်။

ထို့ပြင် ပဋိပက္ခအသစ်များ မဖန်တီးကြရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံပေါ်ပေါက်ရေး အင်ပြည့်အားပြည့် လုပ်ကိုင်ရမည်ဟု ယာယီသမ္မတက သတိပေးသည်။

“ ကျွန်တော်တို့ဟာ အဟောင်းကိုပြန်သွားဖို့ အစီအစဉ်မရှိပါဘူး။ ပြည်သူလူထုတရပ်လုံးကလည်း အခြေအနေသစ်၊ အခင်းအကျင်းသစ်၊ စနစ်သစ်ကိုလည်း မျှော်လင့်တောင့်တ နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ရဲ့ အသီးအပွင့်ကို ပြည်သူလူထုအနေနဲ့ လက်တွေ့ ကာယကံမြောက် သုံးဆောင် ခံစားနိုင်အောင် ဝိုင်းဝန်းအားထုတ်ကြရမှာ ဖြစ်ပါတယ် ”ဟု ယာယီသမ္မတက ‌ပြောသည်။

ရှမ်း‌မြောက်၊ ရခိုင်နှင့် လတ်တလောကချင်ဒေသတွင် အောင်ပွဲများ ရရှိနေပြီး ယင်းအောင်ပွဲများကို ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အတွက် သယ်ဆောင်ရမည်ဟု ၎င်းကပြောသည်။

“အချိန်တိုအတွင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်းက ခုခံ ‌တော်လှန်စစ်အောင်မြင်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသလို၊ အခုလည်း ရက္ခိုင်ပြည်နယ်မှာ တိုင်းရင်းသား လွတ်မြောက်ရေးကို လက်တွေ့ကျကျ မြင်တွေ့လာရပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ်အတွင်းမှာ ကချင်ပြည်နယ် ဧရိယာအတွင်းက ခုခံတော်လှန်စစ်တွေကလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ အောင်ပွဲခံလာနိုင်တာကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။ ဒါတွေဟာ လူထုတရပ်လုံးရဲ့ အောင်ပွဲဖြစ်သလို၊ အနှစ်နှစ်အလလက သိုမှီးထားတဲ့ တိုင်းရင်းသား တော်လှန်ရေးသက်လုံတွေရဲ့ ကျေးဇူးပြုမှုတွေလည်းဖြစ်ပါတယ်။ ဒီလိုအောင်ပွဲရလဒ်တွေကို ကျွန်တော်တို့အားလုံး အညီညွတ်ပြုပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအထိ သယ်ဆောင်သွားနိုင်ဖို့ အထူးလိုအပ်ပါတယ် ”ဟု ယာယီသမ္မတက ‌ပြောသည်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၏ အခန်းကဏ္ဍကိုလည်း နွေဦးတော်လှန်ရေးအတွက် ဂရုပြုရမည်ဖြစ်‌ကြောင်း၊ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပသို့ထွက်ခွာနေသူ အများအပြားဖြစ်လာနေသည်ဟု ယာယီသမ္မတက ‌ပြောသည်။

“၂၁ ရာစုမှာ နိုင်ငံတကာရေစီးနဲ့ ပြည်တွင်းရေးဖြစ်ရပ်တွေက ပိုပြီး ရောယှက်လာတာကို တွေ့မြင်ရပါတယ်။ ပြည်တွင်းရေးကိစ္စတွေရဲ့ ပြောင်းလဲဖြစ်ပေါ်မှုတွေဟာ ကျွန်တော်တို့ရဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ အထွေထွေ ရှုမြင်ချက်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ဒေသတွင်း နိုင်ငံတွေရဲ့ မူဝါဒသဘောထား‌တွေနဲ့ အံဝင်ခွင်ကျ ချိတ်ဆက်ပြီး လက်တွေ့ကျကျ စဉ်းစားကြည့်မြင်နိုင်ဖို့လိုပါတယ် ”ဟု ယာယီသမ္မတက ‌ပြောသည်။

တော်လှန်ရေးကာလအလွန်တွင်လည်း အသွင်ကူး‌ပြောင်းမှုကာလ ကို ဖြတ်သန်းရမည်ဖြစ်ပြီး ယင်းကာလတွင်လည်း စရိုက်ဆိုးများကို လုံး၀အသက်မသွင်းမိစေရန် ဂရုစိုက်ရမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ‌ပြောသည်။

စာတည်း – သန့်ဇော်(သန်လျင်)