မန္တလေးက စစ်မှုထမ်းစာရင်းလိုက်ကောက်သည့် အုပ်ကြီးနှင့်အဖွဲ့ ဗုံးပစ်တိုက်ခိုက်ခံရ

007

(မဇ္ဈိမ)။ ။ မန္တလေး မဟာအောင်မြေမြို့နယ်တွင်၊ ယမန်နေ့ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက၊ ရပ်ကွက်အတွင်းစစ်မှုထမ်း စာရင်းလိုက်ကောက်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံလိုက်ရကြောင်း သတင်းရရှိသည်။

“မနေ့က တနေကုန် အုပ်ကြီးနဲ့ ပျူ(ပျူစောထီးအဖွဲ့)တွေ အရပ်ထဲစစ်မှုထမ်းစာရွက်တွေလိုက်ဝေတယ်၊ စာရင်း ကောက်တယ်၊ အုပ်ကြီးနဲ့အဖွဲ့ ရုံးပြန်နားချိန်မှာ လက်ပစ်ဗုံးနဲ့ပစ်သွားတာ၊ ညနေ ၅ နာရီလောက်ရှိမယ်ထင်တာပဲ” ဟု ဖြစ်စဉ်အချို့သိရှိခဲ့သည့် ဒေသခံတဦးကပြောသည်။

မဟာအောင်မြေမြို့နယ် စကြာနွယ်စဉ်ရပ်ကွက်၊ ၃၇ လမ်းနှင့် ၇၄ လမ်းထောင့်အနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ မန္တလေးအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တခုဖြစ်သည့် Mandalay UG Wolf Army အဖွဲ့ကလုပ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ထဲဝင်ရန် စာရွက်တွေလိုက်ဝေပေးနေသော ​ေ-ွး(စကစအဖွဲ့ဝင်)များ စကြာနွယ်စင်ရုံးအဝင်ပေါက်လမ်းကြားထဲ ခဏဝင်နားပြီး၊ အုပ်ကြီးနှင့်အတူ အမောဖြေနေသောအချိန်တွင် ကျွန်တော်တို့ Mandalay UG Wolf Army ရဲဘောများမှ ဗုံးတလုံးပစ်သွင်းဧည့်ခံပေးပြီး တသက်တာအနားယူပေးလိုက်ကြောင်း” ဟူ၍ ၎င်းအဖွဲ့က ယမန်နေ့ညပိုင်း တွင် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ နောက်ထပ်သိလိုသည်များမေးမြန်းနိုင်ရန် ၎င်းအဖွဲ့နှင့်ဆက်သွယ်ထားသော်လည်း မဇ္ဈိမအနေဖြင့် အဆက်အသွယ်မရရှိသေးပေ။

ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာသတင်းထုတ်ပြန်လာသည်ကို မတွေ့ရသေးဘဲ၊ ၎င်းရုံး အနီးဝန်းကျင်စုံစမ်းကြည့်ရာတွင် ပေါက်ကွဲသံ တချက်ကြားလိုက်ရပြီးနောက် ဆေးရုံကားတစီး အပြင်း မောင်းဝင်လာသည်ကိုတွေ့ရကြောင်း မျက်မြင်သက်သေများကဆိုသည်။

မန္တလေးမြို့တွင်၊ ယမန်နေ့က ချမ်းအေးသာစံ၊ မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်တို့ရှိ ရပ်ကွက်အချို့တွင်၊ စစ်ကောင်စီစစ်သားနှင့်ရဲများမပါဝင်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် အဖွဲ့အသီးသီးက၊ အိမ်တိုင်ရာရောက် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၀ ရက်နေ့က၊ နိုင်ငံသားတိုင်းစစ်မှုထမ်းရမည့်ဥပဒေအား အသက်သွင်းကြောင်းကြေညာခဲ့ပြီး၊ ယခုမတ်လ ၁၁ ရက်နေ့ကစ၍ ၎င်းထိန်းချုပ်ထားနိုင်သေးသည့်မြို့များတွင် စစ်မှုထမ်း စာရင်းလိုက်ကောက်နေခြင်း ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)