စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို နိုင်ငံရေး၊ စစ်ရေး နည်းလမ်း ၂ ခု ဖြင့် တားဆီးရမည်ဟု NUG ၀န်ကြီးချုပ်‌ပြော

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားမှ စစ်ကောင်စီတပ်သားများ (ဓာတ်ပုံ- စစ်ကောင်စီ ဝါဒဖြန့် မြဝတီ မီဒီယာ)

မဇ္ဈိမ။ ။ စစ်ကောင်စီက ပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကို နိုင်ငံရေး၊ စစ်ရေး နည်းလမ်းနှစ်ခုဖြင့် တားဆီးရမည်ဟု NUG ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက အစိုးရအဖွဲ့ အစည်းအဝေးတွင် ‌ပြောသည်။

“နိုင်ငံရေးကို ချင့်ချိန်စဉ်းစားပြီး အင်အားစုအသီးသီးနဲ့ ပူးပေါင်းကာ ချိန်ကိုက်အလုပ်တွေ လုပ်ကြဖို့ လိုသလို တဖက်ကလည်း အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို တတ်စွမ်းသရွေ့ ကူညီ‌ပေးနိုင်ဖို့အတွက်လည်း စီစဉ်သွားကြရမှာ ဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ်က ပြောသည်။

စစ်ရေးနည်းလမ်းအရ တားဆီးရာတွင် ထိန်းချုပ်စိုးမိုးနယ်‌မြေများ ချဲ့ထွင်နိုင်ရေး အရေးတကြီးလိုအပ်သည်ဟု မန်း၀င်းခိုင်သန်းက ‌ပြောသည်။

“တော်လှန်‌ရေးအင်အားစုတွေ အားလုံးရဲ့ ခုခံတော်လှန် စစ်ပွဲတွေနဲ့ အောင်ပွဲတွေ တိုးပွားအောင် ကြိုးစားပြီး စိုးမိုးထိန်းချုပ်နယ်မြေတွေ ချဲ့နိုင်‌ရေးဟာ အရေးတကြီး လိုအပ်ချက် ဖြစ်ပါတယ်။ ဒါဟာ သူတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုလည်း ဖြစ်ပါတယ်။ တော်လှန်ရေး လှိုင်းလုံးကြီးတွေကို နေရာဒေသစုံမှာ ဖြန့်ကျက်နိုင်အောင် ကြိုးစားရင်း သူတို့ရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်ဖို့ ဝိုင်းဝန်းကြိုးစားကြရမှာ ဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ်က ‌ပြောသည်။

NUG အနေဖြင့် စစ်မှုထမ်းဥပဒေကြောင့် ဒုက္ခရောက်မည့် ပြည်သူများအတွက် Hotline Channel ဖွင့်လှစ်ကာ အရေးပေါ်အကူအညီပေးနိုင်ရန် စီစဉ်နေပြီး စစ်သားစုဆောင်းရေး အတွက် ကူညီပေးနေသူများကို အရေးယူနိုင်ရန် စီစဉ်နေသည်ဟု ၀န်ကြီးချုပ်က ‌ပြောသည်။

“အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှု လုပ်ငန်းစဉ်မှာ ကိုယ်ထိလက်ရောက် ပါဝင်သူတွေ၊ လှုံ့ဆော် အားပေးသူတွေကို သေချာစွာ စာရင်းပြု စုထားပြီး တရားဥပဒေအရ အရေးယူသွားနိုင်ဖို့ စီစဉ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူမှာ ပြည်သူတွေပဲရှိတာမို့ အခက်အခဲတွေကို အချင်းချင်း ကူညီဖေးမ ကျော်လွှားသွားကြရမှာ ဖြစ်ပါတယ်။ သုံးနှစ်တာ ကာလအတွင်းမှာလည်း ရှိသမျှ အခက်အခဲတွေကို လက်ချင်းချိတ် ကျော်လွှားလာကြတာမို့ ဘယ်လို အခက်အခဲမျိုးကိုမဆို ကျွန်တော်တို့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ၀န်ကြီးချုပ်က ‌ပြောသည်။

စစ်မှုထမ်းဥ‌ပဒေကြောင့် ပြည်သူများသောကရောက်နေသဖြင့် စိတ်မကောင်း‌ကြောင်း၊ စစ်ကောင်စီက အင်အားတိုးရန်နှင့် ၎င်း၏ ထောက်တိုင်များ တရားမ၀င် ငွေညှစ်ရန် ဖန်တီးပေးထားခြင်း ဖြစ်သည်ဟု ၀န်ကြီးချုပ်က ‌ပြောသည်။

စစ်မှုထမ်းဥပဒေအရ စစ်ပွဲများ ဖြစ်ပွားနေသည့် ဒေသများမှ လွဲပြီး နေရာဒေသ အများအပြားတွင် စစ်ကောင်စီက လူစာရင်း ‌ကောက်ယူ‌နေပြီး စစ်သားစုဆောင်းခြင်းများကို စတင်လုပ်ဆောင်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး