စီးပွားရေးအားနည်းချက်များရှိနေသည့် တရုတ်နှင့် အလားအလာကောင်းနေသည့် အိန္ဒိယ

အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့အား BRICS အစည်းအ‌ဝေးတခုတွင် တွေ့ရစဉ်။

Vietnam Times

တရုတ်တွင် အလုပ်လက်မဲ့များပြားလာမှု၊ စီးပွားကျဆင်းလာမှုအပြင် ကပ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ နှင့် လက်ရှိအိမ်ခြံမြေအကျပ်အတည်းများအပါအဝင် အကြောင်းပေါင်းများစွာကြောင့် တရုတ်စီးပွားရေး ပြန်လည် နာလန်ထူရေးရည်မှန်းချက်များသည် အကောင်အထည်ပေါ်ရန် ခက်နေသည်။

အမျိုးသားပြည်သူ့ကွန်ဂရက်အတွင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) က မြို့ပြအလုပ်အကိုင် ၁၂ သန်းဖန်တီးရန် ရည်မှန်းထားပြီး ဂျီဒီပီတိုးတက်မှုနှုန်း ငါးရာခိုင်နှုန်းကို ဆက်လက်ထိန်းသိမ်းထားရန် ကြေညာခဲ့သော်လည်း ယင်းရည်မှန်းချက်ကြီးများမှာ နိုင်ငံ၏စီးပွားရေးနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိရန် ခက်လှသည်။

အခြားတစ်ဖက်တွင် အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ အောင်မြင်မှုများကြောင့် စျေးကွက်အတွင်း ယုံကြည်မှုပိုမိုရရှိလာသည့်အပြင် အလားအလာရှိသော ရွေးချယ်စရာဈေးကွက်များ ဖြစ်လာပြီး ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရရှိလာနိုင်သည်။

ကမ္ဘာလုံးဆိုင်ရာ အညွှန်းကိန်းများက အိန္ဒိယနှင့် အရှေ့တောင်အာရှကို မျက်နှာသာပေးနေပြီး ဆယ်စုနှစ် တခုကျော်ကြာ ရပ်တည်ခဲ့သော တရုတ်၏ အာရှစီးပွားရေး လွှမ်းမိုးမှုဇာတ်လမ်းမှာ ပြိုလဲလာနေပြီဖြစ်သည်။

အိန္ဒိယကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် စက်မှုလုပ်ငန်းကန့်သတ်ချက်များနှင့် စျေးကွက်ကို ဖြေလျှော့ပေးခဲ့သည့်အပြင် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ကြီးမားသော စီးပွားရေးပြုပြင်ပြောင်း လဲမှုများကို လုပ်ဆောင်ခဲ့သည်။

တဖက်တွင်၊ တရုတ်က ပြည်တွင်းစီးပွားရေးအကျပ်အတည်းကို အာရုံလွှဲရန်နှင့် ရင်းနှီးမြှုပ်နှံသူများနှင့် အများပြည်သူတို့အကြား ပိုမိုထိတ်လန့်မှုမဖြစ်စေရန် အလုပ်လက်မဲ့အချက်အလက်များ ထုတ်ဝေခြင်းကို ရပ်တန့်လိုက်သည်။

ထို့ပြင် အခြေအနေကို ပိုမိုဆိုးရွားလာစေသည်မှာ တရုတ်၏ အကြီးဆုံးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဖြစ်သည့် Country Garden နှင့် Zhongrong Trust အပါအဝင် ထင်ရှားသော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများက ချေးငွေပြန်ဆပ် ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် စျေးကွက်အတွင်း အထိတ်တလန့် ပိုမိုဖြစ်ခဲ့ရသည်။
Zhangrong Trust က ယွမ်သန်း ၁၁၀ ကျော်ရှိသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် အကြွေးပြန်ဆပ်ရန် ပျက်ကွက်ခဲ့ သည်။

လက်ရှိတွင် ယင်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် ကော်ပိုရိတ်လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များအတွက် ရန်ပုံငွေ ဒေါ်လာ ၈၇ ဘီလီယံကျော်ကို စီမံခန့်ခွဲပေးနေပြီး ကျဆင်းနေသော တရုတ်ဈေးကွက်၏ အန္တရာယ်နှင့် ရင်ဆိုင်နေရသော ထောင်ပေါင်းများစွာသော ဓနစီမံခန့်ခွဲမှုလုပ်ငန်းများထဲမှ တခုအဖြစ် သတ်မှတ်ခံထားရသည်။

အတိအကျပြောရလျှင် Country Garden သည် တရုတ်၏ကျဆင်းနေသည့်စီးပွားရေး၏ စံနမူနာအဖြစ် စီးပွားရေးပညာရှင်အများအပြားက ရှုမြင်ထားသည်။

ကုမ္ပဏီသည် ရှယ်ယာအသစ်များမှတဆင့် ဒေါ်လာ သန်း ၃၀၀ စုဆောင်းမှု မပြုလုပ်တော့ကြောင်း လွန်ခဲ့သည့်လ အနည်းငယ်က သတင်းများထွက်ပေါ်ခြင်းနှင့်အတူ တရုတ်အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ကျဆုံးမှုများ သိသိသာသာပေါ်ထွက်လာခဲ့သည်။

ယင်းကျဆင်းနေသည့် အညွှန်းကိန်းများထွက်ပေါ်နေသော်လည်း တရုတ်အစိုးရက ယင်းစီးပွားရေးစိန်ခေါ်မှု များကို လျော့ပါးသက်သာစေရေး လုပ်ဆောင်ချက်များ အားနည်းနေသေးသည်။

ပြည်တွင်းဝယ်လိုအားကို လှုံ့ဆော်ရန်နှင့် စီးပွားရေးစိန်ခေါ်မှုများ ကိုင်တွယ်ရန် ပြတ်သားသောအစီအမံများ မရှိခြင်းကြောင့် စီးပွားရေးမတည်ငြိမ်မှုအသစ်များကို ဖြစ်စေပြီး ယင်းကြောင့် အဆင့်သတ်မှတ်ချက် လျော့ချသတ်မှတ်ခံရခြင်းနှင့် နိုင်ငံခြားအရင်းအနှီးများ ပြန်လည်ရုပ်သိမ်းခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။

CPC ၏ စီးပွားရေးမူဝါဒ ချို့ယွင်းချက်များ

စီးပွားရေးကျဆင်းမှုနှင့် အားနည်းချက်များအပြင် စီးပွားရေးကျဆင်းမှုသက်သာရေးအတွက် အမျိုးမျိုးသော အစီအမံများ မရှိခြင်းကြောင့် စီးပွားရေးစီမံခန့်ခွဲမှု မူဝါဒများနှင့် ပတ်သက်ပြီး CPC တွင် အားနည်းချက်များ ရှိနေကြောင်း ဖော်ပြနေသည်။

ပါတီ၏ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပြီး တိုးတက်မှုဖော်ဆောင်သည့်မူဝါဒအား အလွန်အမင်း မှီခိုအားထားမှုသည် နောက်ဆုံးတွင် ရေရှည်မတည်တံ့နိုင်ကြောင်း ဦးစွာ ပေါ်ထွက်လာခဲ့သည်။

စီးပွားရေးချဲ့ထွင်မှုကို တွန်းအားပေးရန်အတွက် အခြေခံအဆောက်အအုံစီမံကိန်းများနှင့် ပုံသေပိုင်ဆိုင်မှု ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးလုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်ခြင်းက စီးပွားရေးကို ရပ်တန့် ကျဆင်း သွားစေခဲ့သည်။

ယင်းမဟာဗျူဟာက အရှိန်အဟုန်ဖြင့် တိုးတက်မှုကို ယာယီတွန်းအားပေးခဲ့သလို အထူးသဖြင့် လူမရှိသည့်မြို့ များနှင့် အဝေးပြေးလမ်းမကြီးများသာ ထွက်ပေါ်လာစေသည့် အိမ်ခြံမြေကဏ္ဍတွင် ကြွေးမြီများပြားလာမှု ကိုသာ ဖြစ်ပေါ်စေခဲ့သည်။

ကြွေးမြီအများအပြားဖြင့် စီးပွားရေးချဲ့ထွင်မှုသည် တရုတ်ဘဏ္ဍာရေးစနစ်အတွင်း ဘေးအန္တရာယ်များနှင့် အားနည်းချက်များကို ဖြစ်ပေါ်စေပြီး ရင်းနှီးမြှုပ်နှံသူများနှင့် အရင်းအနှီးကို တရုတ်စီးပွားရေးမှ ပြန်လည်ရုပ် သိမ်းခြင်းဆီသို့ ဦးတည်စေသည်။

Zhongrong Trust လုပ်ငန်းတွင် အဓိက ဖြစ်ပွားနေသည့် သမရိုးကျဘဏ်မဟုတ်သည့် လုပ်ငန်းများက ငွေချေးမှုများနှင့် ဒေသတွင်းအစိုးရကြွေးမြီများ အလွန်အမင်းများပြားမှုကြောင့် တရုတ်ဝန်ကြီးချုပ်က ခန့်မှန်းထားသည့် တိုးတက်မှုလျာထားအပေါ် သံသယများဖြစ်ပေါ်စေသည်။

ရလဒ်အနေဖြင့်၊ ယင်းက တရုတ်ဏ္ဍာရေးဈေးကွက်များအတွက်လည်း စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့ပြီး လေ့လာသုံးသပ်သူအများအပြားက ဆင့်ပွားစတော့ဈေးကွက်အတွင်း လှုပ်ခတ်မှုများဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယအချက်မှာ CPC ၏ နိုင်ငံတော်က ဦးဆောင်သည့်စီးပွားရေးပုံစံသည် စျေးကွက်မောင်းနှင်သော ပြုပြင် ပြောင်းလဲမှုများအတွက် အဓိက အဟန့်အတားဖြစ်စေပြီး အရေးကြီးသောကဏ္ဍများအပေါ် ကန့်သတ် ချုပ်ချယ်မှု များ ဖြစ်ပေါ်စေခဲ့သည်။

ပါတီသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) များမှတဆင့် စျေးကွက်သို့ သြဇာလွှမ်းမိုးရန် ကြိုးပမ်းခဲ့ ပြီး အရင်းအနှီးများ စီးဆင်းမှုကို ကန့်သတ်ထားမှုကြောင့် ပြိုင်ဆိုင်မှုကို အဟန့်အတား ဖြစ်စေခဲ့သည်။

စိတ်ပျက်စရာ ကိန်းဂဏန်းများနှင့် ဆက်စပ်နေသော ယင်းအချက်များအားလုံးက တရုတ်ခေတ်သစ် သမိုင်း တွင် ယခင်က တခါမျှ မတွေ့ဖူးသော စီးပွားရေးကျဆင်းမှုအား ဖော်ပြနေသည်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် ပတ်သက်ပြီး မတူသည့် ချဉ်းကပ်ပုံများ

ကမ္ဘာ့စီးပွားရေးနယ်ပယ်အတွင်းနှင့် အထူးသဖြင့် အာရှတိုက်တွင် အိန္ဒိယနှင့် တရုတ်တို့သည် အလွန်ကွဲပြား ခြားနားသော ချဉ်းကပ်မှုများနှင့် နောက်ဆက်တွဲရလဒ်များရှိသည့် အင်အားကြီးနိုင်ငံနှစ်ခုအဖြစ် ထင်ရှား သည်။

နှစ်နိုင်ငံစလုံးသည် တိုးတက်မှုနှင့် ထင်ရှားသည့် အသွင်ကူးပြောင်းမှုကို တွေ့ကြုံခဲ့ရသော်လည်း စီးပွားရေး မတည်ငြိမ်မှုများအပေါ် ယင်းတို့၏ တုံ့ပြန်မှုများမှာ ကွဲပြားပြီး မတူသည့် စီးပွားရေးလမ်းကြောင်းများကို ဖြစ်ပေါ်စေခဲ့သည်။

တရုတ်စီးပွားရေးတိုးတက်မှုကို အလွန်အကြူးစန်းတင်ခြင်းနှင့် ထုတ်လုပ်မှု လွန်ကဲမှုအဖြစ် ယူဆနိုင်သော် လည်း အိန္ဒိယ၏ စီးပွားရေးမူဝါဒများသည် ပိုမိုတည်ငြိမ်ပြီး စိတ်ချယုံကြည်ရကြောင်း လူအများက ယူဆထားသည်။

တရုတ်နိုင်ငံ၏ SOE များအပေါ် အလေးထားမှုနှင့်အတူ ပို့ကုန်ကို ဇောင်းပေးသည့် ကုန်ထုတ်လုပ်မှုက ရေရှည်တွင် စီးပွားရေး ဘေးဥပါဒ်များ ဖြစ်ပေါ်စေခဲ့ပြီး ယင်းတို့အနက် တခုသည် လက်ရှိ မျက်မြင်တွေ့နေရဆဲ ဖြစ်သည်။

သို့သော် အိန္ဒိယသည် ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း ရင်းနှီးမြှုပ်နှံသူများအား အမြတ်များပုံမှန်ရရှိစေရန် အာမခံချက်ပေးထားသည့် တည်ငြိမ်သောစီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် သက်သေပြခဲ့သည်။

စျေးကွက်ဇောင်းပေးသော ပြုပြင်ပြောင်းလဲမှုများကို လက်ခံခြင်းဖြင့် အိန္ဒိယ၏ စီးပွားရေး ဇာတ်လမ်းသည် သက်သာချောင်ချိရေး အစီအစဥ်များမှတဆင့် ဒီမိုကရေစီနှင့် စျေးကွက်ကို ဦးတည်သော စီးပွားရေးအဖြစ် ရပ်တည်ခဲ့သည်။

တဖက်တွင် CPC သည် နှစ်နှစ်ကျော်ကြာ ကြီးမားသော အိမ်ခြံမြေအကျပ်အတည်း အပါအဝင် စီးပွားရေး မတည်ငြိမ်မှုများကို တွန်းလှန်နိုင်စွမ်းမရှိသည့်အပြင် ကပ်ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများနှင့် နိုင်ငံပိုင်စီး ပွားရေးတွင် အားနည်းချက်များရှိနေသည်။

အဓိက ရင်းနှီးမြှုပ်နှံမှု ဘဏ်အများအပြားသည် တရုတ်နှင့် ပတ်သက်ပြီး ယင်းတို့၏ အဆင့်သတ်မှတ်ချက် များကို လျော့ချခဲ့ပြီး အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများကို အဓိက အာရုံစိုက်လာချိန်တွင် တရုတ်၏ ထူးခြားသော စီးပွားရေး တိုးတက်မှု၏ ဇာတ်လမ်းသည် ယင်း၏ ကိုယ်ပိုင် လွဲမှားမှုအောက်တွင် တစစီပြိုလဲသွားမည် ဖြစ်သည်။