ကန်ကြီးထောင့်တွင် စစ်မှုထမ်းရန် မဲပေါက်သူ အဆိပ်သောက်

ဧရာဝတီတိုင်း မြို့နယ်တစ်ခုတွင် စစ်မှုထမ်းရန်အတွက်မဲနှိုက်ရန် ဆင့်ခေါ်ခံရသည့်စာ

မင်းထက်

(မဇ္ဈိမ)။ ။ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ မြတ်လေးချောင်းကျေးရွာအုပ်စု၊ ရေတွင်းချောင်ရွာတွင် စစ်မှုထမ်းရန် မဲပေါက်သည့် အမျိုးသားတဦး အဆိပ်သောက်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။

မတ်လ ၁၇ ရက် မနက်ပိုင်းတွင် စစ်မှုထမ်းရန် မဲနှိုက်ရာတွင် မဲပေါက်ခဲ့သည့် အသက် ၂၆ နှစ်အရွယ် ကိုအောင်သူရဦးသည် ထိုနေ့ ညနေပိုင်းတွင် အဆိပ်သောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မဲပေါက်လို့ အိမ်ပြန်သွားကြပြီး ညနေပိုင်းမှာ အဆိပ်သောက်လို့ ဆေးရုံရောက်သွားတာပါ။ ကြားတာကတော့ စစ်မှုထမ်းရင်လည်း သေမယ့်အတူတူ ငါ့အိမ်မှာပဲ အဆိပ်သောက်သေမယ်ဆိုပြီး သောက်သွားတာလို့ကြားတယ်။ သူ့မှာ လေးနှစ်အရွယ် ကလေးတယောက်ရှိတယ်”ဟု ဒေသခံက ပြောသည်။

၎င်းအား ကျိုက်လတ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အခြေအနေ စိုးရိမ်ရသဖြင့် ပုသိမ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ၎င်းကဆို သည်။

ထိုဖြစ်ရပ်အပြီး ရေတွင်းချောင်ကျေးရွာသို့ စစ်ကောင်စီတပ်နှင့် ရဲများရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

ကိုအောင်သူရဦးမှာ ပုသိမ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟုသိရပြီး ၎င်း၏ လက်ရှိအခြေအနေကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

ရေတွင်းချောင်ကျေးရွာအတွင်းနေထိုင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံး စစ်မှုထမ်းရန်အတွက်မဲနှိုက်ရမည်ဟု အုပ်ချုပ်ရေးမှူးကအ ကြောင်းကြားသဖြင့် မဲနှိုက်ခဲ့ကြရခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

မြတ်လေးချောင်းကျေးရွာအုပ်စုအတွင်းမှ အမျိုးသားခြောက်ဦးမဲပေါက်ခဲ့ပြီး ထိုခြောက်ဦးအနက် စစ်မှုထမ်းရန် ပထမအသုတ်တွင် သွားရမည့်လူအား ရွေးချယ်ရန်မဲနှိုက်ကြရာမှ ကိုအောင်သူရဦး ထပ်မံမဲပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကဆိုသည်။

ထိုအခြေအနေများနှင့် ပတ်သက်၍ ကန်ကြီးထောင့်မြို့နယ်အတွင်း နေထိုင်သည့် နိုင်ငံရေးတက်ကြွသူများအားဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် ဖြစ်စဥ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း မဇ္ဈိမကိုပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး