ချင်းပြည်တည်ဆောက်နေချိန် ဟန့်တားနှောက်ယှက်မှုများကို တွန်းလှန်မည်ဟု CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်မတော်သားများ/ဓါတ်ပုံ – Chinland Information Center

ပါခွီး

(မဇ္စျိမ)။ ။ချင်းပြည်ဖွဲ့စည်းပုံအရ ချင်းအမျိုးသားရေးနှင့် ချင်းပြည်တည်ဆောက်နေချိန်တွင် ဟန့်တား နှောက်ယှက်သည့်လုပ်ရပ်မှန်သမျှကို ပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့က ချင်းအမျိုးသားတပ်ဦး(CNF)မှ ထုတ်ပြန်ထားသည်။

“ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၂၃) အရ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားရေးမဏ္ဍိုင်များဖြင့် ချင်းအမျိုးသားနှင့် ချင်းလဲန်းတည်ဆောက်နေချိန်တွင် လုပ်ငန်းယန္တရားအပေါ် ဟန့်တားနှောက်ယှက် သည့်လုပ်ရပ်မှန်သမျှကို ချင်းပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

ထို့ပြင် နိုင်ငံရေးရပ်တည်ချက်တူညီသော နိုင်ငံ၊ အစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းသွားမည် ဖြစ်ကြောင်း ဆိုသည်။

နွေဦးတော်လှန်ရေးကာလ စစ်ရေး၊ နိုင်ငံရေးနှင့် ပြည်တွင်းစီးပွားရေး အကြပ်အတည်းများကို အခွင့် ကောင်းယူလျက် ချင်းလဲန်းနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက် ကားမှုအပေါ် အဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်းပြီး အရေးယူတိုက်ဖျက်သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။

စစ်ကောင်စီသည် အင်အားပြုန်းတီးခြင်း၊ နိုင်ငံတကာနှင့် ပြည်သူလူထုထောက်ခံမှုမရရှိခြင်း၊ စစ်ရေး နိုင်ငံ ရေးအကြပ်အတည်းများကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေ(၂၀၁၀)ကို အသက်သွင်းအကောင်အထည်ဖော် လျက်ရှိသောကြောင့် ယင်းဥပဒေနှင့်အကျုံးဝင်သူများ ၎င်းတို့ထံအချိန်မှီ ပူးပေါင်းပါဝင်ကြရန် CNF က တိုက်တွန်းထားသည်။

အာဏာရှင်မှန်သမျှ အမြစ်ပြတ်ချေမှုန်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေး အာမခံချက်ရှိ သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာသည်မှာ မတ်လ ၂၀ ရက်နေ့တွင် ချင်းတော်လှန်ရေး (၃၆)နှစ်ပြည့် မြောက်ပြီဖြစ်ကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

တော်လှန်ရေးကာလအတွင်း အသက်ပေးလှူသွားကြသည့် အာဇာနည်များ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ပေး လှူသွားကြသည့် သူရဲကောင်များကို ဦးညွှတ်ဂါရဝပြုပြီး ချင်းပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်မှုများအပေါ် ဂုဏ်ယူလေးစားကြောင်းနှင့် အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံး၍ လူမှုဒုက္ခခံစားနေ ရသောမိဘပြည်သူများ ကျန်းမာခြင်း ၊ စိတ်နှလုံးငြိမ်သက်ခြင်း ခံစားရပါစေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ