တရုတ်က ယင်း၏ ပိုင်နက်တောင်းဆိုမှုများကို ထိခိုက်စေနိုင်သော နေရာအမည်များကို တားမြစ်

Tibetan Review

တိုင်းရင်းသားလူနည်းစု ဘာသာစကားများ သို့မဟုတ် နိုင်ငံခြား ဘာသာစကားများဖြင့် ပထဝီဝင် အမည်များကို တရုတ်အက္ခရာစာသို့ ဘာသာပြန်သည့်အခါတွင် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် တောင်းဆိုမှုများကို ထင်ဟပ်သင့်ကြောင်း တရုတ်က မတ်လ ၁၅ ရက်တွင် ထုတ်ဖော်သည်။ ယင်းတွင် တောင်တရုတ်ပင်လယ်ရှိ ကျွန်းများ၏ အမည်များ၊ အိန္ဒိယ၏ အရူနာချယ်လ် ပရာဒက်ရှ် ပြည်နယ်ရှိ နေရာများနှင့် သိမ်းပိုက်ခံ တိဘတ်ဒေသ၏ အမည်တို့ ပါဝင်မည် ဖြစ်သည်။

ထိုရည်ရွယ်ချက်အတွက် တရုတ်၏ ပြည်သူ့ရေးရာဝန်ကြီးဌာနသည် မတ်လ ၁၅ ရက်တွင် ပထဝီဝင် အမည်များ စီမံခန့်ခွဲမှု ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ အကောင်အထည်ဖော်မှု အစီအမံများကို ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းတွင် တိုင်းရင်းသား လူနည်းစု ဘာသာစကားများ သို့မဟုတ် နိုင်ငံခြားဘာသာစကားတို့ဖြင့် နေရာအမည်များကို တရုတ် အက္ခရာစာများသို့ ဘာသာပြန်ခြင်းအတွက် သတ်မှတ်ချက်များကို အသေးစိတ်ဖော်ပြထားကြောင်း တရုတ်၏ ဂလိုဘယ်လ်တိုင်းမ်သတင်းဌာနက မတ်လ ၁၆ ရက်တွင် ဖော်ပြသည်။

“Xizang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” အဖြစ် ရည်ညွှန်းရန် “တိဘတ်” သို့မဟုတ် “တိဘတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” နေရာတွင် တရုတ်အမည် “Xizang” ကို အသုံးပြုသင့်ကြောင်း တရုတ်က များမကြာမီက ရှင်းရှင်းလင်းလင်း ထုတ်ဖော်သည်။

ယင်းအတွက်ကြောင့် ချင်ဟိုင်းပြည်နယ်၊ အခြားသော နယ်မြေများနှင့် ယင်း၏ ကန်းစု၊ စီချွန်နှင့် ယူနန် ပြည်နယ်တို့ ပေါင်းစည်းလျက် ပါဝင်သည့် တိဘတ်၏ အစဉ်အလာ၊ သမိုင်းဆိုင်ရာ ဒေသ “Tibet proper” သည် ရှိနေတော့မည်မဟုတ်ဘဲ ယင်းကို နေရာအမည်တခုအဖြစ် တရားဝင်မှတ်တမ်းမှတ်ရာများတွင် အသုံးမပြုသင့်ဟု တရုတ်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်သည်။

“တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုမှုများနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်များကို ထိခိုက်စေနိုင်သည့် နိုင်ငံခြားဘာသာစကားများဖြင့် နေရာအမည်မျိုးကို ခွင့်ပြုချက်မရှိဘဲ တိုက်ရိုက် ကိုးကား သို့မဟုတ် ဘာသာပြန်ဆိုခြင်း မပြုသင့်” ဆိုပြီး ၂၀၂၄ ၊ မေလ ၁ ရက်တွင် စတင်အသက်ဝင်မည့် အကောင်အထည်ဖော်ဆောင်မှု အစီအမံများက အပိုဒ်ခွဲ ၁၃ တွင် ပြဋ္ဌာန်းထားသည်။

နိုင်ငံခြားဘာသာစကားများ သို့မဟုတ် လူနည်းစု ဘာသာစကားများဖြင့် နေရာအမည်များကို ဘာသာပြန်ဆိုရာတွင် တရုတ်အစိုးရအဖွဲ့ဖြစ်သည့် တရုတ်နိုင်ငံတော်ကောင်စီ၏ သက်ဆိုင်သော အဖွဲ့အစည်းများက ရေးဆွဲချမှတ်ထားသည့် စံသတ်မှတ်ချက်များအတိုင်း လိုက်နာသင့်ကြောင်း ဂလိုဘယ်လ်တိုင်းမ်သတင်းက အကောင်အထည်ဖော်မှု အစီအမံများကို ကိုးကားဖော်ပြသည်။

ပထဝီဝင် အမည်များဆိုင်ရာ တရားဝင် သတင်းထုတ်ပြန်ချက်များ၊ ပထဝီဝင်အမည်များဆိုင်ရာ အစိုးရ ဒေတာစုများ၊ နို့တစ်များမှတဆင့် စံသတ်မှတ်ချက် ဘာသာပြန်ဆိုမှုများကို အများသို့ ထုတ်ဖော်ရမည်ဖြစ်သည်။

တရုတ်နယ်မြေပိုင်နက်များအတွင်းရှိ ပထဝီဝင်အမည်များနှင့်ပတ်သက်ပြီး အမည်ပေးခြင်း၊ ပြန်လည်အမည်တပ်ခြင်း၊ အသုံးပြုခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ကာကွယ်ခြင်းနှင့် အခြားသော စီမံခန့်ခွဲမှုတို့နှင့် သက်ဆိုင်သည့် နေရာအမည်များဆိုင်ရာ ပြင်ဆင်ထားသော စည်းမျဉ်းတရပ်ကို တရုတ်နိုင်ငံတော်ကောင်စီက ၂၀၂၂၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

တရုတ်အနေဖြင့် အိမ်နီးချင်းနိုင်ငံတချို့နှင့်အကြား နယ်မြေတချို့နှင့်ပတ်သက်ပြီး အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည့်အတွက် အငြင်းပွားမှုများရှိနေသည့် နေရာများ၏ ပထဝီဝင်အမည်များ အသုံးပြုခြင်းက အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်နှင့် တိုက်ရိုက်ဆက်နွယ်နေကြောင်း ယင်းနှင့်စပ်လျဉ်း၍ တရုတ် လူမှုသိပ္ပံအကယ်ဒမီ ဥပဒေဆိုင်ရာ အင်စတီကျူ့မှ သုတေသန အသင်းဝင် ကျီ ကျန်ဖုန်းက ပြောသည်။ မမှန်ကန်သော ဘာသာပြန်မှု သို့မဟုတ် စံသတ်မှတ်ချက်မရှိသည့် ဘာသာပြန်ဆိုမှုတို့ အသုံးပြုခြင်းက မရေရာရှုပ်ထွေးမှုကို ဖြစ်စေနိုင်ပြီး တရုတ်၏ နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိပါးရာရောက်နိုင်ကြောင်း ၎င်းက အလေးပေးပြောဆိုသည်။

ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံများနှင့် တောင်တရုတ်ပင်လယ်တွင်းရှိ ပင်လယ်ရေကြောင်း အငြင်းပွားမှုများ၏ ဥပမာကို တရုတ်အကဲခတ်များက ဖော်ပြကြောင်း ဂလိုဘယ်လ်တိုင်းမ်သတင်းတွင် ဖော်ပြသည်။ တောင်တရုတ်ပင်လယ်တွင်းရှိ သက်ဆိုင်ရာ ကျွန်း၊ ကျောက်တန်းများကို ရည်ညွှန်းသည့်အခါ စံသတ်မှတ်ချက် ဘာသာပြန်ဆိုမှု အသုံးပြုခြင်းက အချုပ်အခြာအာဏာဆိုင်ရာ အခိုင်အမာ ကြေညာချက်တခုဖြစ်ပြီး နိုင်ငံခြားအမည်များကို အက္ခရာဖလှယ်ခြင်းက ဥပဒေပိုင်ဆိုင်ခွင့်ဆိုင်ရာ လိုက်လျောမှု ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုကြောင်း ဂလိုဘယ်လ်တိုင်းမ်က ကိုးကားဖော်ပြသည်။