တရုတ်နည်းပညာသုံး မူးယစ်ဆေးဝါးမှောင်ခိုကူးသည့်ဒရုန်းများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

Photo Credit -Getty Images

RSAA:-

တရုတ်နိုင်ငံမှ ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Da Jiang Innovation (DJI) သည် နိုင်ငံတော်လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ DJI ကုမ္ပဏီထုတ် ဒရုန်းများကို တရုတ်အစိုးရအတွက် အကျိုးရှိစေမည့် သတင်းအချက်အလက်၊ ဒေတာအချက်အလက် စုဆောင်းရန်နှင့် အရေးကြီးအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားရာတွင် လွယ်ကူစေရန် အသုံးပြုမည်ကို စိုးရိမ်ခြင်းဖြစ်သည်။ တရုတ်စစ်တပ်၏ စစ်ဘက်-အရပ်ဘက် ပေါင်းစည်းရေး မဟာဗျူဟာတွင် DJI ကုမ္ပဏီ၏ ပါဝင်ပတ်သက်မှုများသည် အန္တရာယ်ကြီးပြီး စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသည့်အတွက် ယင်းကုမ္ပဏီကို အမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ထောက်ပြခဲ့သည်။

နောက်ပိုင်းနှစ်များတွင် ကမ္ဘာတဝန်း၌ DJI မောင်းသူမဲ့လေယာဉ်များ အသုံးပြုမှု မြင့်တက်လာခဲ့သည်။ အရေးကြီး အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခြင်း မရှိသေးသော်လည်း တရားမဝင် ဆောင်ရွက်ချက်များတွင် အသုံးပြုလာကြသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း၊ မြောက်အမေရိကနှင့် တောင်အာရှဒေသတို့တွင် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို မြှင့်တင်ရာတွင် အသုံးပြုနေခြင်းဖြစ်သည်။ DJI ကုမ္ပဏီသည် ယူကရိန်းရှိ ရုရှားစစ်ပွဲအတွက် ဒရုန်းနည်းပညာများကို ပံ့ပိုးရာတွင်လည်း ထိပ်တန်းမှ ဦးဆောင်နေသည်။ DJIထုတ် ဒရုန်းများကို တရုတ်ကွန်မြူနစ်ပါတီ(CCP) က နိုင်ငံတကာ မူးယစ်မှောင်ခိုဂိုဏ်းများသို့ ထောက်ပံ့နေကြောင်း သက်သေထင်ရှား မပြနိုင်သေးသော်လည်း တရုတ်အစိုးရ၏ ပထဝီနိုင်ငံရေး မျှော်မှန်းချက်များကို အောင်မြင်စေရန် အဆိုပါ နည်းပညာကို အသုံးပြုနေပုံရသည်။

ဂျော်ဒန်နိုင်ငံသည် ၂၀၂၃ ခုနှစ် တနှစ်လုံး ခြိမ်းခြောက်မှုအသစ်နှင့် လုံးပမ်းခဲ့ရသည်။ ဂျော်ဒန်စစ်တပ်သည် ၂၀၁၁ ခုနှစ်မှစ၍ ၃၇၅ ကီလိုမီတာရှည်သော ဆီရီးယားနှင့်ထိစပ်နေသည့် နယ်စပ်တလျှောက် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကို တားဆီးကာကွယ်ရန် တာဝန်ယူထားရပြီး ယခုအခါ လေပိုင်နက်ကို ပြောင်းလဲအာရုံစိုက်လာရသည်။ ၂၀၁၀ ပြည့်နှစ်များတွင် တချိန်က အစ္စလာမ္မစ်အစွန်းရောက်များ၏ ဗဟိုချက် ဖြစ်ခဲ့သော ဆီးရီးယားနိုင်ငံသည် မက်သာဖက်တမင်းနှင့် အဖက်တမင်းကဲ့သို့သော ကပ်တဂွန် ဓာတုပစ္စည်းအပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရာ နေရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အာဆတ်အစိုးရနှင့် အီရန်အစိုးရ နှစ်ခုစလုံးနှင့် နီးစပ်သော ရာဇဝတ်ဂိုဏ်းများသည် ဈေးပေါသော အရပ်ဘက်သုံး ဒရုန်းများဖြင့် နယ်စပ်ကို ဖြတ်ကျော်၍ ဂျော်ဒန်နိုင်ငံသို့ မက်သာဖက်တမင်းအခဲ ပမာဏနည်းနည်းချင်း မှောင်ခိုကူးနေသည်။ ဩဂုတ်လမှ စက်တင်ဘာလအကြား ဂျော်ဒန်စစ်တပ်သည် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ဒရုန်း လေးစင်းကို ပစ်ချခဲ့သည်။ ၎င်းတို့တွင် ပေါ့ပါးပြီး ဈေးသက်သာသော တရုတ်ထုတ် DJI ဒရုန်းများ ပါဝင်သည်။ လကုန်ပိုင်းတွင် ဂျော်ဒန်လေပိုင်နက်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် နောက်ထပ် ဒရုန်းနှစ်စင်း ပစ်ချခံခဲ့ရသည်။ ဂျော်ဒန်အတွက် ပို၍စိုးရိမ်စရာကောင်းသော အချက်မှာ ပြီးခဲ့သည့် သုံးလအတွင်း ပစ်ချခံခဲ့ရသော မူးယစ်ဆေးဝါးသယ်သည့် ဒရုန်းများသည် မက်သက်ဖက်တမင်းအခဲများသာမက ဖောက်ခွဲရေးပစ္စည်းများပါ သယ်ဆောင်လာခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးသယ်ယူရေးဒရုန်းပြဿနာသည် အရှေ့အလယ်ပိုင်းဒေသတွင်သာ ကြုံတွေ့နေရသည် မဟုတ်ပေ။ အမေရိကန် တရားဥပဒေစိုးမိုးရေး အဖွဲ့များသည်လည်း အလားတူပြဿနာများကို ဆယ်စုနှစ်တခုနီးပါး ရင်ဆိုင်နေရသည်။ အဆိုပါ နည်းပညာသည် မူးယစ်ဆေးဝါးမှောင်ခိုသမားများကို များစွာအားဖြည့်ပေးနေကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး အလီဂျန်ဒရိုမာယော့ကာစ်က သတိပေးထားသည်။ အမေရိန်ကန်နှင့် မက္ကဆီကိုအကြား နယ်စပ်ဖြတ်ကျော်၍ ဒရုန်းများဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်ခြင်းသည် ပထမဆုံး DJI အရပ်ဘက်သုံးဒရုန်းများ ထွက်ပေါ်လာချိန်နှင့် တိုက်ဆိုင်နေသည်။ ဆီးရီးယားတွင် အသုံးပြုသကဲ့သို့ပင် အဆိုပါဒရုန်းများမှာ အလွယ်တကူရရှိနိုင်မှု၊ ကုန်ကျစရိတ် သက်သာမှုနှင့် အသုံးပြုရ လွယ်ကူမှုတို့ကြောင့် မက္ကဆီကိုရှိ မူးယစ်ဆေးဝါးဂိုဏ်းများအနေဖြင့် ၎င်းတို့၏ မူးယစ်ဆေးဝါး ကုန်ကူးမှုနည်းလမ်းများကို ချဲ့ထွင်နိုင်မည့် အခွင့်အရေးတရပ် ဖြစ်လာသည်။ အမေရိကန်နိုင်ငံတဝန်း ဈေးသက်သာသော DJI မူးယစ်ဆေးဝါး သယ်ယူရေးဒရုန်းမော်ဒယ်များကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ရုံသာမက ဒေါ်လာ ၅,၀၀၀ တန်ကြေးရှိ DJI Matrice 600 Pro တစင်းကိုလည်း ကယ်လီဖိုးနီးယားပြည်နယ်တွင် အမေရိကန်နယ်စပ်ကင်းလှည့်တပ်ဖွဲ့က ၂၀၁၇ ခုနှစ်တွင် ကြားဖြတ်ဟန့်တား ရယူနိုင်ခဲ့သည်။

မူးယစ်ဂိုဏ်းများသည် မူးယစ်ဆေးဝါး ပမာဏ အမြောက်အမြား သယ်ဆောင်နိုင်ရန် သာမန် DJI ဒရုန်းများကို စိတ်ကြိုက်ပြုပြင် အဆင်မြှင့်တင်ထားသည်။ ယခုအခါ အဆိုပါ ဒရုန်းများသည် ကိုကင်း ၁၀ ကီလိုဂရမ် အထိသယ်ဆောင်ပြီး ကီလိုမီတာ ၁၀၀ နီးပါး အကွာအဝေးအထိ ပျံသန်းနိုင်ပြီဖြစ်သည်။ ၎င်းအကွာအဝေးသည် အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ဖြတ်ကျော်ရန် လိုအပ်သည့် ပမာဏထက် ကျော်လွန်နေပြီဖြစ်သည်။

အိန္ဒိယ-ပါကစ္စတန်နယ်စပ်တလျှောက် တရုတ်ထုတ် ဒရုန်းများကို အသုံးပြု၍ မူးယစ်ဆေးဝါးများ သယ်ဆောင်သည့် နည်းလမ်းကို မူးယစ်ဂိုဏ်းများက လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် ဒရုန်းများဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပြန့်ပွားလာကာ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုနှင့် လူသတ်မှုတို့ဖြင့် ရောပြွမ်းနေသည့် ခြိမ်းခြောက်မှုကို မြင့်တက်လာစေသည်။

ယူကရိန်းတွင် ဆင်နွှဲနေသည့် ရုရှားစစ်ပွဲကို ထောက်ပံ့ကူညီရန် DJI ကုမ္ပဏီအား တောင်းဆိုထားချက်အရ တရုတ်ကွန်မြူနစ်ပါတီသည် ယင်းကုမ္ပဏီအပေါ် အတိုင်းအတာတခုအထိ လွှမ်းမိုးမှုရှိကြောင်း ပြသနေသည်။ အလားတူ မြောက်အမေရိကတွင် တရုတ်ကွန်မြူနစ်ပါတီသည် မူးယစ်ဆေးဝါးကုန်သွယ်မှုမှတဆင့် အမေရိကန်ကို မတည်မငြိမ်ဖြစ်စေပြီး အသာစီးရယူလိုသည့် ရပ်တည်ချက်ကို ဆုပ်ကိုင်ထားသည်။

ဂျော်ဒန်နှင့် အိန္ဒိယအပါအဝင် အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများတွင် ဒရုန်းအကူအညီဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် ၎င်းနှင့်ဆက်စပ်သော လက်နက်ကိုင် စစ်သွေးကြွများ၏ စစ်ဆင်ရေးများသည် ဆိုးရွားသော အန္တရာယ်များ ရှိနေသည်။ ထို့ကြောင့် အဆိုပါ ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန် နိုင်ငံများအနေဖြင့် ဘက်ပေါင်းစုံမှ တန်ပြန်ဆောင်ရွက်မှုများနှင့် ကြိုးပမ်းမှုများ လုပ်ဆောင်ရန် လိုသည်။ ဒရုန်းများသည် စစ်ဘက်သုံးနှင့် အရပ်ဘက်သုံး ခွဲခြားရန် မလွယ်ကူသည့်အတွက် နိုင်ငံတော်လုံခြုံရေးကို အားကောင်းခိုင်မာလာစေရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် အရေးကြီးသည်။