တရုတ်ကွန်မြူနစ်ပါတီသည် ဝီဂါ ဓလေ့ အစားအသောက်များကို တရုတ်အစားအစာများနှင့် အစားထိုးဖျက်ဆီး

China Filee

တရုတ်အစိုးရသည် ရှင်ကျန်းတွင် “အချက်အပြုတ်ကျောင်း” အစီအစဉ်ကို ၂၀၁၈ နိုဝင်ဘာ အစောပိုင်းတွင် စတင်ခဲ့သည်။ သင်တန်းတွင် ဆရာမတယောက်က အရွယ်ရောက်ပြီးသူ အမျိုးသမီးများရှေ့၌ ရပ်၍ “မနက်စာ ဘာစားချင်လဲ” ဟု မေးသည်။

သင်တန်းသူများက “နန် (တာခ့် ရိုးရာ အစားအစာ) နှင့် နို့” သို့မဟုတ် “နန် နှင့် လက်ဖက်ရည်” စားလိုကြောင်း တညီတညွတ်တည်း တုံ့ပြန်ကြသည်။ “ထမင်းရည်ပူပူတပန်းကန် မစားချင်ဘူးလား” ဟု ဆရာမက ကြားဖြတ်ပြောသည်။ ယင်းမှာ သင်တန်းသူများအတွက် ထပ်လောင်းဆွေးနွေးမှုနှင့် “ပိုမိုသိချင်စိတ်” ဖြစ်စေသည်။

ရှင်ကျန်းအမျိုးသမီးများ၏ အသံ (Xinjiang Women’s Voices) လူမှုမီဒီယာ တွင်ဖော်ပြထားသည့်အတိုင်း သင်တန်း ဆရာမသည် တရုတ်အမျိုးသမီးများအဖွဲ့ချုပ်၏ ရှင်ကျန်း ဌာနခွဲနှင့် ချိတ်ဆက်ထားပြီး အီကြာကွေ့၊ ထမင်းရည်၊ ကြက်သွန်နီပန်ကိတ်များ၊ ပေါက်စီနှင့် အခြား အရံဟင်းလျာများ စသည့် တရုတ် အစားအသောက်များ ပြုလုပ်ခြင်းများအတွက် သင်ခန်းစာများ ပို့ချပေးသည်။ “အရင်တုန်းကတော့ မနက်တိုင်း နန် နဲ့ နို့လက်ဖက်ရည်ကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ သိခဲ့တယ်။ အခု ပန်ကိတ်၊ အီကြာကွေ့ နှင့် ပေါက်စီ တွေ လုပ်လို့ရတယ်။ အခု ကျွန်မ မိသားစုရဲ့ မနက်စာဟာ အာဟာရဓာတ်တွေ၊ အသီးအရွက်တွေ၊ ထမင်းရည်တွေ အဓိက ပါဝင်လာတာကြောင့် ကလေးတွေ စားရတာ ပိုကြိုက်လာလိမ့်မယ်။” ဟု သင်တန်းသူ တဦးက ဆိုသည်။

ဝီဂါ လူမျိုးများ၏ အချက်အပြုတ် ဓလေ့ထုံးတမ်းများသည် ဟန် (တရုတ်) အသိုင်းအဝိုင်းအချို့နှင့် နှိုင်းယှဉ်လျှင် အဆင်မပြေဟု ဆိုသည်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ဝီဂါ လူမျိုးများ၏ ယဉ်ကျေးမှု နှင့် အသွင်အပြင်ကို ခေတ်မမီ ဟု ရှုမြင်ပြီး ဟန် အစားအစာများသည် သန့်ရှင်း၍ ခေတ်မီပြီး ပုံမှန် အခြေအနေရှိသည်ဆို၍ ပြန်လည်ဆန်းသစ်ရန် ကြိုးပမ်းနေသည်။ ဝီဂါ အမျိုးသမီး တို့ ၏ နေထိုင်စားသောက်မှု ပုံစံတွင် ဒေသခံအမျိုးသမီးများ အား ဝင်ရောက်စွက်ဖက်၍ ယင်းစံနှုန်းကို ချမှတ်ရန် မကြာခဏလုပ်ဆောင်သည်။ အာဏာပိုင်များက ဒေသ ဟင်းလျာများအား “ဝီဂါအစားအစာ” ဟု မပြောဘဲ “ရှင်ကျန်းအစားအစာ” ဟု ပြောဆိုလေ့ရှိကြပြီး ဟန်လူမျိုး ခရီးသွားအများစုနှစ်သက်သည့် ဟင်းလျာများသည် အလေ့အထနှင့် ယဉ်ကျေးမှုထက် ဒေသကို အစွဲပြုသည်ဟု ဆိုကြသည်။

ထို့ပြင် ဝီဂါ တို့၏ လူမျိုးရေး၊ ယဉ်ကျေးမှု နှင့် အစားအသောက်များ သည် အစွန်းရောက်သည် ဟု တရုတ်အစိုးရက ယူဆသည်။ ဝီဂါ တို့၏ ဘာသာရေးအရ အစားအသောက် ရွေးချယ်စားသုံးခြင်းသည် ဝီဂါ နှင့် ဟန် လူမျိုးတို့ကြား ကွာဟချက် ဖြစ်စေကြောင်း ပြည်သူ့လုံခြုံ‌ရေးဗျူရိုမှ အရာရှိ မီဂျစ်ကွာဒါ က ပြောသည်။ “သူတို့ကိုယ်တိုင် မရွေးချယ်တဲ့ ဘာသာ‌ရေး အယူဝါဒ တခုကို လုပ်ရင် သူတို့အပြစ်ပေးခံရမှာ ကြောက်တယ်။ ဒီအမြင်ကို ‌ပြောင်းလဲရမယ်” ဟု ၎င်း ကပြောသည်။

ဝီဂါအမျိုးသမီး များသည် အစားအသောက်အပြင် လူနေမှုပုံစံကိုပါ ပြုပြင်ကြရသည်။ ၎င်း တို့ ဝတ်ဆင်သော (jilbab) ဝတ်စုံကို စကတ် များဖြင့် အစားထိုး၍ ဟန် လူမျိုးများကဲ့သို့ နေထိုင်စားသောက်ရမည် ဖြစ်သည်။

ဝီဂါ ဟင်းလျာများသည် ရာသီဥတုနှင့် ကိုက်ညီပြီး အေးခဲသောဆောင်းရာသီတွင် ပူနွေးသော အစားအစာဖြစ်သည့် ခရမ်းချဉ်သီး ဟင်းရည်၊ လန်ဂ်မန် လက်လုပ် ခေါက်ဆွဲ၊ စသည့် အရသာ အမျိုးမျိုးရှိသည်။ ဒေသဆိုင်ရာ ကွဲပြားမှုများရှိသော်လည်း “ဝီဂါဟင်းလျာ” တွင် ဂျုံ၊ ဆန်၊ ပြောင်း၊ ပြောင်းဖူး၊ ဟာလာလ်အသားနှင့် ငရုတ်သီး၊ ကြက်သွန်နှင့် ဇီရာတို့ဖြင့် ရောစပ်ထားပြီး မိုးနည်းပြီး ရာသီဥတုဒဏ်ခံနိုင်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်ပါသည်။ ယင်း ပါဝင်ပစ္စည်းများသည် ဝီဂါ နန် ဂျုံပြား၊ ဖက်ထုပ်ပေါင်း၊ ဖက်တုပ်ကင်၊ ဟင်းချိုများစွာ ဖန်တီးနိုင်၍ ရှင်ကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် အုရန်ချီ တွင် ထုတ်ဝေသော ဝီဂါ အစားအသောက်များကျမ်း (Uyghur Food Encyclopedia) တွင် မတူညီသောဟင်းပွဲ ၁,၈၀၀ ကျော်အတွက် ချက်ပြုတ်နည်းများပါဝင်သည်။ “ဝီဂါဟင်းလျာသည် မျိုးကွဲများစွာ နှင့် စေ့စပ်သေချာသော ပြင်ဆင်မှုနည်းပညာများ၊ အရည်အသွေးမြင့်မားပြီး အာဟာရနှင့် ဆေးဖက်ဆိုင်ရာ အကျိုးကျေးဇူးများ ပါဝင်သောကြောင့် ပြည်တွင်းပြည်ပတွင် တန်ဖိုးရှိသည်။” ဟု စာအုပ် နိဒါန်းတွင် ရေးသားထားသည်။

သို့သော် ရှင်းကျန်းဒေသ နိုင်ငံရေး အခြေအနေသည် ယင်းစာအုပ် ပထမဆုံး ထုတ်ဝေသော ၂၀၀၇ ကတည်းက ပြောင်းလဲနေပြီဖြစ်သည်။ ဝီဂါ ဟင်းလျာများ ၏ ဆေးဖက်ဝင် အကျိုးကျေးဇူးများ ကို တရုတ် တို့ က လက်မခံလို‌ပေ။ ယင်းအစား တရုတ်အစားအစာများကို ဝီဂါ အသိုင်းအဝိုင်းများ သို့ မိတ်ဆက်ခြင်း သည် တရုတ် တို့၏ တည်ငြိမ်ပြီး “ပြီးပြည်စုံသော နိုင်ငံတော်” တည်ဆောက်ရေး ၏ အစိတ်အပိုင်း တခု ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း ဝီဂါ တို့အား အစုလိုက်အပြုံလိုက် ထောင်သွင်းအကျဉ်းချခြင်း၊ မွေးဖွားနှုန်း ထိန်းချုပ်ခြင်းနှင့် ဘာသာရေးဖိနှိပ်မှုများ အပါအဝင် ဒေသတွင်းတွင် ပြင်းထန်သော ထိန်းချုပ်မှု ယန္တရားများအပြင် တရုတ်သည် ဝီဂါ ယဉ်ကျေးမှုကို ပုံသွင်းရန် ကြိုးပမ်းနေပြီး စဉ်ဆက်မပြတ် ထိန်းချုပ် စောင့်ကြည့်မှုများ နှင့် ဝီဂါ ကလေးငယ်များ ပညာရေး ကို ပုံသွင်းရန် ကြိုးစားနေသည်။ “ပြည်သူများဆီသို့ သွားရောက်လည်ပတ်ပါ”၊ “ပြည်သူကို အကျိုးပြုပါ”၊ ပြည်သူ့နှလုံးသားကို စုစည်းပါ” ဟူသော တိုက်တွန်းချက်များ ဖြင့် “မိသားစု အစီအစဉ်” လှုပ်ရှားမှု များ လုပ်ဆောင်သည်။ ယင်းအတွက် ရှင်ကျန်းရှိ ဝီဂါ များ နှင့် “အတူနေပါ၊ လေ့လာပါ၊ အလုပ်လုပ်ပါ” ဟူ၍ တရုတ်အစိုးရ ဝန်ထမ်းများကို ရှင်းကျန်းသို့ စေလွှတ်ခဲ့သည်။ လှုပ်ရှားမှု ၏ ပထမ လေးနှစ်အတွင်း အလုပ်အဖွဲ့ပေါင်း ၅၆,၀၀၀ အတွက် လူသန်းပေါင်း ၃၈၀ ကျော် လာရောက်ခဲ့ကြောင်း ၂၀၁၈ ကိန်းဂဏန်းများအရ သိရသည်။ ဝန်ထမ်းများသည် တရုတ်အစိုးရအတွက် ရှင်ကျန်းအခြေအနေကို သတင်းပို့ရန် သာ မက ဝီဂါ တို့၏ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု သဘောထားများကို စဉ်ဆက်မပြတ် စောင့်ကြည့်နေကြသည်။

ဖက်ရှင်ရှိုးပွဲများ ကျင်းပခြင်းမှ တရားမဝင်ဘာသာရေးလှုပ်ရှားမှုများအကြောင်း ဟောပြောပို့ချခြင်းအထိ တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သော တရုတ်အမျိုးသမီးများအဖွဲ့ချုပ် က လှုပ်ရှားမှုများတွင် ကူညီပေးသည်။ တရုတ်အမျိုးသမီးများအဖွဲ့ချုပ်၏ အဓိက အခန်းကဏ္ဍသည် တရုတ်ကွန်မြူနစ်ပါတီ ၏ သဘောထားကို ထင်ဟပ်စေသည်။ ရှင်ကျန်းဒေသ တည်ငြိမ်ရန် ဝီဂါ အမျိုးသမီး များ ၏ ခေတ်နောက်ကျသော အယူအဆမှ လွတ်မြောက်ရန် လိုသည် ဟု ဆိုသည်။ “ဝီဂါ အမျိုးသမီးများသည် ပတ်ဝန်းကျင် ကို ဖြန့်ဝေနေသော ဘာသာရေး အစွန်းရောက် အင်အားစုများအား ဖယ်ရှားပစ်ရမည်ဟု အမျိုးသမီးအသင်း ဥက္ကဋ္ဌ ဒေးလ်ဘာ အီမန် က ဆိုသည်။

ဝီဂါ အမျိုးသမီးများအား အစွန်းရောက် ဝါဒ မှ ကယ်တင်ရန် နှင့် ခေတ်မီသော လူ့အဖွဲ့အစည်းသို့ တွန်းအား‌ပေးရန် “အချက်အပြုတ် ကျောင်း” အစီအစဉ်များ လုပ်ဆောင် သည်။

ယင်းကျောင်းများသည် “ခေတ်သစ်အမျိုးသမီးများအဖြစ် ဓလေ့ထုံးတမ်းများပြောင်းလဲရန်နှင့် ကျေးလက်အမျိုးသမီးများအား ခေတ်မီယဉ်ကျေးသော အရည်အသွေးများ တိုးတက်စေရန် လှုံ့ဆော်ပေးသည်”။ အထူးသဖြင့် အမျိုးသမီးများအဖွဲ့ချုပ်သည် “မကောင်းသော အမူအကျင့်များကို စွန့်ပယ်ရန် တွန်းအားပေးခြင်းဖြင့် ကျေးလက်အမျိုးသမီးများကို ဦးဆောင်မည့် ခေတ်မီယဉ်ကျေးသော အဖွဲ့အစည်း” ပုံစံ လေ့ကျင့်ခြင်းကို လုပ်ဆောင်သည်။ “ပါတီကိုချစ်ဖို့၊ တိုင်းပြည်ကိုချစ်ဖို့နဲ့ မိသားစုကိုချစ်ဖို့ အမျိုးသမီးတွေကို ပညာပေးတယ်။” ဟု အီမန် က ဆိုသည်။

ကျောင်းများသည် နေ့ဘက်တွင် နည်းပညာသင်တန်းများပို့ချ၍ ညပိုင်းတွင် မူဝါဒဆိုင်ရာ ဟောပြောပွဲများ ပို့ချသည်။ အစားအသောက် ချက်ပြုတ်နည်း သင်တန်းများသည် ကျောင်းများ အတွက် အရေးပါသည်။

ရှင်ကျန်းတွင် တာဝန်ကျနေသော တရုတ်ဝန်ထမ်းများအတွက် တရုတ်အစားအစာများ ရရှိစေရန် ခရိုင်နှင့် မြို့နယ်အဆင့် အစိုးရ များသည် ဒေသခံ ဝီဂါများကို တရုတ် ဟင်းလျာ ချက်ပြုတ်နည်း အသက်မွေးဝမ်းကြောင်း အစီအစဉ်များ လုပ်ဆောင်ပေးသည်။ အသစ်လေ့ကျင့်ထားသော ဝီဂါ စားဖိုမှူးအချို့ကို အလုပ်အဖွဲ့များ အတွက် ဝန်ဆောင်မှုပေးရာတွင် ထားရှိသည်။ ယင်းက ဝီဂါ များအား ကိုယ်ပိုင် အစားအစာချက်ပြုတ်ပြင်ဆင်ခြင်းမှ လွတ်မြောက်စေပြီး ၎င်း တို့ ရည်ရွယ်သော အလုပ်များအတွက် အချိန် ပိုပေးစေလိုသော တရုတ် အစိုးရ၏ ရည်ရွယ်ချက်ဖြစ်သည်။ တရုတ်ဟင်းလျာ ပြင်ဆင်ချက်ပြုတ်ရာတွင် အသိအမှတ်ပြုခံရသော စားဖိုမှုးများသည် တလလျှင် ယွမ်ငွေ ၁,၅၀၀ နှင့် ၂,၀၀၀ ကြားရနိုင်သည်။

အစိုးရအလုပ်အဖွဲ့များသည် ဝီဂါ မိသားစုများအား ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသုံးခြင်းနှင့် အစွန်းရောက်ဝါဒသို့ ဦးတည်သွားစေနိုင်သည့် အစ္စလာမ့်အစားအသောက် ကန့်သတ်ချက်များကို လိုက်နာခြင်းအတွက် သတိပေးထားသော်လည်း တရုတ်ကွန်မြူနစ်ပါတီ သည် ဒေသအစားအသောက်များ စားသုံးသည့် ခရီးသွားများ ကိုမူ ခွင့်ပြုထားသည်။ သို့သော် ရှင်ကျန်းသို့ လာရောက်လည်ပတ်သည့် တရုတ် ခရီးသွားများသည် ဒေသအစားအစာများကို စားသုံးလေ့ရှိပြီး ၂၀၂၃ တနှစ်တည်းတွင်ပင် ခရီးသွား ခုနစ်သန်းကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ၂၀၂၃ နိုဝင်ဘာလ ၁ ရက်နေ့ထုတ် ဆင်ဟွာ အစီရင်ခံစာအရ သိရသည်။ ရှင်ကျန်း ၏ ကျော်ကြားသော ဒေသအစားအစာသည် ခရီးသွားအရေအတွက်များခြင်း ၏ နောက်ကွယ်မှ အဓိက မောင်းနှင်အားဖြစ်ကြောင်း ရှင်းကျန်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး လျူဂန် က မှတ်ချက်ပြုသည်။

သို့သော် ခေတ်သစ်တရုတ်ပြည်နယ်သည် ဝီဂါ လူမျိုးများသာမက ကာဇတ်နှင့် ဥဇဘတ်တို့အပါအဝင် ကွဲပြားသော ဒေသခံယဉ်ကျေးမှုများကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီသည် ဝီဂါများကို ကျယ်ပြန့်သော ရှင်ကျန်းဒေသ ၏ ပြယုဂ် အဖြစ် ရှုမြင်ပြီး မတူကွဲပြားသော တရုတ် လူမျိုးများအဖြစ် အသိအမှတ်ပြုသော်လည်း ၎င်း တို့၏ စည်းလုံးညီညွတ်မှုကို လက်မခံလိုပေ။ ထို့ကြောင့် တရားဝင်မီဒီယာများက ရှင်ကျန်းရှိ တိုင်းရင်းသားအားလုံးနှင့် ရှည်လျားသောသမိုင်းကြောင်းကို မျှဝေရင်း ဝီဂါ လူမျိုးတို့ ၏ အဓိကအစားအစာဖြစ်သော “နန်” ကို ရည်ညွှန်း၍ ၎င်းသည် ပိုမိုကျယ်ပြန့်သော တရုတ်ယဉ်ကျေးမှု၏ အခြေခံတစိတ်တပိုင်းဖြစ်ပြီး တာခ့် သို့မဟုတ် အာရှအလယ်ပိုင်း က လူမျိုးများ မဟုတ်ကြောင်း ဖော်ပြကြသည်။ တရုတ်ကွန်မြူနစ်ပါတီ သည် ဟန် ခရီးသွားများအတွက် ဝီဂါ မိသားစုများ၏ ဌာနေအစားအစာများကို ဖယ်ရှားပြီး လူမျိုးရေးခွဲခြားထားသော “ရှင်ကျန်းအစားအစာ” ဟူ၍ အလားတူ ဟင်းလျာများဖြင့် ဖန်တီးဧည့်ခံနေသည်။