မြောင်မြို့နယ်၂နေရာ၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးသေဆုံး

ပုံအညွှန်း - တိုက်ခိုက်ရေးဒရုန်းများ တပ်ဆင်လွှတ်တင်နေသည့် MSPDF တပ်ဖွဲ့ ဝင်များကိုတွေ့ရစဉ် (ပုံအဟာင်း)

ပုံအညွှန်း – တိုက်ခိုက်ရေးဒရုန်းများ တပ်ဆင်လွှတ်တင်နေသည့် MSPDF တပ်ဖွဲ့ ဝင်များကိုတွေ့ရစဉ် (ပုံအဟာင်း)

MTO၊လွှမ်းမိုး

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ရွှေတချောင်းကျေးရွာနှင့် ကျောက်တန်းအရှေ့ရွာအနီးတွင် မတ်လ ၁၈ရက်က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အရာရှိတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မတ်လ ၁၈ ရက် နံနက် ရှစ်နာရီခန့်က ရွှေတချောင်း ကျေးရွာတွင် ယာယီတပ်စွဲနေသည့် ခလရ(၂၅၈)မှ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်ဒရုန်းလက်ရုံးတပ်ဖွဲ့ အမှတ်(၁၈၄၈) ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၅၀ ခန့်ရှိပြီး ရေစကြိုမြို့မှ မြောင်မြို့နယ်၊ကျောက်ရစ်ရဲစခန်းသို့ ရိက္ခာပို့ထွက်လာခြင်းဖြစ်ပြီး ရွှေတချောင်းကျေးရွာတွင် ယာယီတပ်စွဲနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းသိရသည်။

ထိုစစ်ကြောင်းကပို့ဆောင်ခဲ့သည့် ရိက္ခာများကို ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်ပြီးအပြန်၌ ကျောက်တန်းအရှေ့ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိတဦးအပါအဝင်စစ်သားနှစ်ဦးသေဆုံးပြီး ငါးဦးခန့် ဒဏ်ရာရရှိသွားကြောင်း စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း(MSPDF)က သတင်းထုတ်ပြန်သည်။

“ သူတို့ဖက် နှစ်ယောက်ကျတာ။ တယောက်ကိုကျ ကျောက်တန်းကျေးရွာအနီးမှာပဲမီးရှို့ ခဲ့ပြီးတော့ ဗိုလ်ရဲ့အလောင်းကိုတော့ ရေစကြိုဖက်ကလာတဲ့စစ်ကြောင်းနဲ့ ပြန်ထည့်ပေးလိုက်တာ” ဟုMSPDFမှ တာဝန်ရှိသူတဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ နီးပါးကြာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ သည် ကျောက်တန်းအရှေ့ရွာအတွင်းသို့ ဝင်ရောက်သွားခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၈ ရက်တွင် ကျောက်တန်းအရှေ့ရွာ၌ ညအိပ်တပ်စွဲခဲ့ပြီးနောက် မတ်လ ၁၉ ရက်နေ့ နံနက် ၃နာရီတွင် ကျောက်ရစ်ရဲစခန်းသို့ ထွက်ခွာသွားကြောင်း MSPDF အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေးပေ။ မြောင်မြို့နယ်တွင် မတ်လ ၁၈ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့တွင် ရေးသားဖော်ပြထားသည်။

မတ်လ ၁၈ရက်ကတိုက်ပွဲအား စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF/MSDF ၊မြင်းခြံခရိုင် ဒရုန်းလက်ရုံးတပ်ဖွဲ့ အမှတ်(၁၈၄၈)၊ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းအချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း – အေးချမ်း