အွန်လိုင်းကောလာဟလ ပျံ့နှံ့မှုများကို တရုတ်အစိုးရ အလွန်အမင်း စိုးရိမ်လာ

The HK Post

တရုတ်ရဲများက ၂၀၂၄ခုနှစ်ကို အွန်လိုင်းကောလာဟလများကိုတိုက်ဖျက်ရေး အထူးလုပ်ဆောင်ရမည့်နှစ် အဖြစ်သတ်မှတ်ခဲ့သည်။

ရဲတပ်ဖွဲ့အကြောင်း၊ ကူးစက်ရောဂါများ၊ အန္တရာယ်များနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း သတင်းမှားများ လုပ်ကြံဖန်တီးခြင်းကဲ့သို့သော ဥပဒေနှင့် ဆန့်ကျင်သော ရာဇ၀တ်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို ၂၀၂၃ ခုနှစ် တွင် ပြင်းထန်စွာ နှိမ်နင်းခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

သမ္မတရှီကျင့်ဖျင် နှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) အကြောင်းကို အရိပ်အမြွတ်မျှဖော်ပြခြင်းကဲ့သို့သော ကိစ္စရပ်များကိုပင် အစိုးရတည်ငြိမ်မှုထိခိုက်စေနိုင်ကြောင်း အကြောက်လွန်သဖြင့် ပိတ်ပင်ထားသည်။

ဧပြီလက စတင်ခဲ့သည့် “အင်တာနက်သန့်ရှင်းရေး” လှုပ်ရှားမှု၏ တစိတ်တပိုင်းအဖြစ် ကောလာဟလများ ဖြန့်ဝေမှုအတွက် တရုတ်ရဲများသည် အွန်လိုင်းအကောင့် ၃၄,၀၀၀ ကို ပိတ်ပစ်ခဲ့ပြီး လူပေါင်း ၆,၃၀၀ ကျော်ကို အပြစ်ပေးခဲ့ကြောင်း China Daily က ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီလတွင် စတင်ခဲ့သော ဖြိုခွင်းမှုအတွင်း ကောလာဟလများ စတင်ဖြန့်ဝေခြင်း သို့မဟုတ် ပျံ့နှံ့စေသည့်အတွက် ယင်းအွန်လိုင်းအကောင့်များကို ပိတ်ပင်ခဲ့ကြောင်း The Daily က ဖော်ပြခဲ့သည်။

လူမှုဘဝတည်ငြိမ်ရေးအတွက် ၂၀၂၄ ခုနှစ်အထိ အွန်လိုင်း ကောလာဟလများကို နှစ်ရှည်နှိမ်နင်းရေးလှုပ်ရှား မှုတရပ် ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးဖြစ်သူ လီတုန်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။

ယင်းလှုပ်ရှားမှုက ထိရောက်ခိုင်မာသောရလဒ်များရရှိစေရန် စနစ်တကျလုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် တရုတ်ရဲများသည် အွန်လိုင်းမှ အပုပ်ချခြင်း၊ စော်ကားခြင်းနှင့် ပုဂ္ဂိုလ်ရေးလုံခြုံမှုချိုးဖောက် ခြင်းကဲ့သို့သော ဆိုက်ဘာအကြမ်းဖက်မှုဆိုင်ရာ ရာဇ၀တ်မှုများကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့ကြောင်း လီက မှတ်ချက်ပြုခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်အင်တာနက်ရဲများသည် ပိုမိုစွက်ဖက်လာကာ အရေးယူ မှုများ ပိုမိုလုပ်ဆောင်လာခဲ့သည်။

အင်တာနက်ကို အာဏာရတရုတ်ကွန်မြူနစ်ပါတီ (CPC) က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး လူမှုတည်ငြိမ် မှုကို ကာကွယ်ခြင်းဟူသော အကြောင်းပြချက်ဖြင့် လူမှုမီဒီယာကို ကျယ်ကျယ်ပြန့်ပြန့် ဆင်ဆာဖြတ်ခြင်းကို မကြာခဏပြုလုပ်ကာ အချို့သော အကြောင်းအရာများ သို့မဟုတ် ဝေဖန်မှုများကို ဖိနှိပ်ရန် ဆင်ဆာဖြတ်ခြင်းကို အသုံးပြုလေ့ရှိသည်။

“ယခုအချိန်အထိ နိုင်ငံတဝန်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့များသည် အွန်လိုင်း ကောလာဟလအမှုပေါင်း ၄,၈၀၀ ကျော်ကို စုံစမ်းစစ်ဆေးခဲ့ပြီး ကောလာဟလဖြန့်သူ ၆,၃၀၀ ကျော်ကို ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးခဲ့ပြီး တရား မဝင်အကောင့် ၃၄,၀၀၀ ကျော်ကို ပိတ်ပစ်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြခဲ့သည်။

တရုတ်ရဲများသည် “အင်တာနက်သန့်ရှင်းရေး” လှုပ်ရှားမှု စတင်ချိန်မှ ယခုအချိန်ထိ ဆိုက်ဘာအနိုင်ကျင့်မှု ပြုလုပ်သည်ဟု စွပ်စွဲကာ လူမှုမီဒီယာအကောင့်ပေါင်း ၅၀၀ ကျော်ကို ပိတ်ပင်ခဲ့ပြီး သတင်းအချက်အလက် ၂၇,၀၀၀ ကို ဖျက်ပစ်ခဲ့သည်။

အစိုးရကို ဝေဖန်သူများနှင့် စီးပွားရေးကို ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး ဝေဖန်မှုမရှိစေရန်လည်း ယင်းလှုပ်ရှား မှုကို အသုံးပြုလျက်ရှိသည်။ ထို့ကြောင့် ထင်ရှားသော တရုတ်စီးပွားရေးလေ့လာသုံးသပ်သူများ၏ လူမှုမီဒီယာ အကောင့်များသည် ကန့်သတ်ခံထားရသည်။

တရုတ်၏ ထင်ရှားသော လေ့လာသုံးသပ်သူအချို့သည် လူမှုမီဒီယာတွင် ကန့်သတ်ခံထားရပြီး ကျဆင်းနေ သော စတော့ဈေးကွက်များနှင့် စီးပွားရေး ရုန်းကန်နေရခြင်းအပေါ် မှတ်ချက်ပေးရန် ခက်ခဲစေသည်ဟု CNN က ဖော်ပြသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အစိုးရ၏ ကိုဗစ်-၁၉ မူဝါဒများကို ဝေဖန်သည့် အွန်လိုင်းအကောင့် ၁,၀၀၀ ကျော်ကို ဆိုင်းငံ့ သို့မဟုတ် ပိတ်လိုက်ခြင်းသည် လူမှုမီဒီယာကန့်သတ်ချက်၏ နောက်ထပ်ဥပမာတခု ဖြစ်လာသည်။

ရှာဖွေရေးအင်ဂျင်များကို အသုံးပြုသူများရရှိနိုင်သည့် အကြောင်းအရာများကို ထိန်းချုပ်သည့် စည်းမျဉ်း ပေါင်း ၆၆,၀၀၀ ရှိသည်အထိ တရုတ်အင်တာနက်ဆင်ဆာဖြတ်တောက်မှုသည် ဆိုးရွားကြောင်း New York Times က ဖော်ပြခဲ့သည်။

တရုတ်ဆင်ဆာဖြတ်တောက်မှု ယန္တရားသည် ပိုမိုဆိုးရွားလာရုံသာမက ပိုမိုသိမ်မွေ့လာနေသည်။