စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ပစ်ခတ်နေ၍ ဒေသခံများထွက်ပြေး

008

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သီးကုန်းကျေးရွာကို မတ် ၂၁ရက် နံနက် ၇နာရီခန့်မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့က စီနင်းဝင်ရောက် ပစ်ခတ် ဖမ်းဆီးမှုများပြုလုပ်နေခြင်းကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

မတ် ၁၉ရက် ညနေ ၅နာရီကျော်တွင် ဝမ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ စစ်မှုထမ်းစာရင်းပေးပို့ပြီး ဆိုင်ကယ်ဖြင့်ပြန်လာသည့် သီးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်ပုကို သီးကုန်းကျေးရွာအရှေ့ဘက်လမ်းပေါ်၌ Wundwin Township Revolution Force အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာမှ ထိုသို့ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးနေခြင်း ဖြစ်သည်။

ထိုပစ်သတ်မှုဖြစ်ပြီးနောက် ယနေ့ မတ် ၂၁ရက် နံနက် ၇နာရီခန့်တွင် သီးကုန်းကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့က စီးနင်းဝင်ရောက်ပစ်ခတ်ပြီး ဒေသခံလူငယ်များကို ဖမ်းဆီးနေခြင်းကြောင့် တရွာလုံး ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံတဦးကဆိုသည်။

“အုပ်ကြီးသမက် ဗိုလ်ကြီးဆိုတဲ့ကောင် ဦးဆောင်ပြီး ရွာကိုဝင်ပစ် တွေ့ရာလူဖမ်းလုပ်တော့ တရွာလုံးမနေရဲတော့ ထွက်ပြေးနေရတယ်။ အဖမ်းခံရတာ‌တော့ ၁၀ ဦး‌ကျော်မယ်။ အခုမနက် ၁၁ နာရီအထိ ရွာထဲက မထွက်ကြသေးဘူး။ ရွာမီးရှို့သွားရင်တော့ ဒုက္ခပဲ။ အခုက ရွာထဲက အ‌ခြေအနေ မသိရသေးဘူး။”ဟု ဒေသခံတဦးကပြောသည်။

Voice of Wundwin အဖွဲ့ကလည်း သီးကုန်းကျေးရွာအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှုများပြုလုပ်နေခြင်ကြောင့် အနီးပတ်ဝန်းကျင်က ဒေသခံများအနေဖြင့် သတိထားသွားလာကြရန် အသိပေးထားကြောင်းသိရသည်။

ဝမ်းတွင်မြို့နယ်တွင် မတ် ၁၄ရက်ကလည်း ညောင်ဦးဖီးကျေးရွာအုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံထားရပြီး ဝမ်းတွင်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့များကလည်း မတ် ၁၈ရက် စစ်မှုထမ်းရန်အတွက် စည်းရုံး လှုံ့ဆော်၊ စာရင်းကောက်နေသည့် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်း ထန်ထန် အပြစ်ပေးသွားမည်ဟု ကြေညာချက်တစောင်ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)