ကျိုက်ဒုံမြို့မှ မဲသရောထစစ်ကောင်စီစခန်းကို KNLA နှင့် SOF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ပုံအညွှန်း- မဲသရောထစခန်းသိမ်းတိုက်ပွဲအတွင်း တိုက်ပွဲဝင် KNLA၊ SOF ရဲဘော်များနှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ

ပုံအညွှန်း- မဲသရောထစခန်းသိမ်းတိုက်ပွဲအတွင်း တိုက်ပွဲဝင် KNLA၊ SOF ရဲဘော်များနှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ရှိ မဲသရောထစခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကျိုက်ဒုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ချေမှုန်းထားသည့် KNLA ၊ SOF ပူးပေါင်းတပ်ဖွဲ့ က ကျိုက်ဒုံမြို့ရှိ မဲသရောထစခန်းကိုပါ တိုက်ခိုက်သိမ်းပိုက်ကာ ထိုင်း-မြန်မာနယ်စပ်လမ်းကြောင်းတခု ဖြစ်သည့် ကျိုက်ဒုံ-ပိုင်ခလန်-အုန်းဖန်လမ်းကြောင်း၏ မြန်မာဘက်အခြမ်းကို စိုးမိုးထားကြောင်း SOF တာဝန်ခံကပြောသည်။

“ကျိုက်ဒုံကတော့ KNLA တပ်မဟာ(၆)ရဲ့လက်ရှိစစ်ရေးအရအားအသာဆုံးနေရာပါ၊ ဗျူဟာမှူး ကိုယ်တိုင် လက်နက်ချပြီး ဗျူဟာစခန်းကို သိမ်းထားနိုင်တယ်ဆိုကတည်းက တမြို့လုံးမှာရှိတဲ့ အခြားစခန်းတွေက လက်နက်ချဖို့နဲ့ ပြေးဖို့ ဒီနှစ်ခုပဲရှိပါတော့တယ်။ မြို့ကတော့ နေရာတိုင်းမှာ KNLA နဲ့ တော်လှန်ရေး အင်အားစုတွေပဲ စိုးမိုးထားဆဲပါ” ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၅၅၇)နှင့် (၅၅၈)မှ စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲထားသည့် မဲသရောထစခန်းကုန်းအား မတ်လ ၁၅ ရက် နေ့မှစ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စတင်တိုက်ခိုက်သည့် မတ်လ ၁၅ ရက်နေ့ ညတွင်ပင် မဲသရောထစခန်းမှ တပ်ကြပ်ကြီး သက်နိုင်ဦးသည် MA4 ပူးတွဲသေနတ်တလက်၊ ၄၀ မမဗုံးသီး ၁၀ လုံး၊ ၅.၅၆ ကျည် ၂၀၀ တောင့်နှင့်အတူ လက်နက်ချ အညံ့ ခံလာခဲ့ကြောင်း SOF က ဆိုသည်။

မတ်လ ၁၈ ရက်နေ့တွင် မဲသရောထစခန်းကုန်းအား တက်ရောက်ရှင်းလင်းရာ စစ်ကောင်စီတပ်သားများ က စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် စခန်းကုန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း SOF က ဖော်ပြသည်။

မဲသရောထစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများသည် ဂျိုးဖြူချက်ပွိုင့်တောင်ကုန်းတွင် အထိုင်ချနေသဖြင့် အဆိုပါတောင်ကုန်းကို မတ်လ ၁၉ ရက်နေ့တွင် ထပ်မံတိုက်ခိုက်ရာ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီ ၁၅ မိနစ်တွင် အဆိုပါ စခန်းကုန်းကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းငါးလောင်း မျက်မြင်တွေ့ခဲ့ရပြီး လက်နက်ကြီး၊ လက်နက်ငယ် ၆၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း SOF က ပြောသည်။

ထို့ပြင် အဆိုပါတိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ်၊ အုန်းဖန်မြို့နယ်၊ ပိုင်ခလန်ကျေးရွာဘက်သို့ ဒဏ်ရာ ရတပ်သားများအပါအဝင် စစ်ကောင်စီတပ်သား ၅၀ ဦး ထွက်ပြေးသွားခဲ့ကြောင်း SOF က ဆိုသည်။

ပုံအညွှန်း- မဲသရောထစခန်းသိမ်းတိုက်ပွဲအတွင်း တိုက်ပွဲဝင် KNLA၊ SOF ရဲဘော်များနှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ

“ထိုင်းဘက်ကိုပြေးတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ ထုံးစံအတိုင်း ထိုင်းစစ်တပ်နဲ့ မြန်မာအကြမ်း ဖက်စစ်တပ် အချိတ်အဆက်လုပ်ပြီး ပြန်ပို့မယ်လို့ထင်ပါတယ်၊ မြဝတီကနေပို့မယ်ထင်ပါတယ်” ဟု SOF တာဝန်ခံကိုအောင်စံရှားက သုံးသပ်သည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို စခန်းသိမ်းတိုက်ပွဲ၊ မြို့တွင်းတိုက်ပွဲများအဖြစ် ဆက်လက်ဆင်နွှဲလျက်ရှိနေ ကြောင်း KNU က အသိပေးထုတ်ပြန်ထားသည်။

ကျိုက်ဒုံမြို့ရှိ ဗျူဟာကုန်းကိုလည်း မတ်လ ၁၄ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်း ပိုက်ထားပြီး ဗျူဟာမှူး အောင်ကျော်စိုးနှင့် အရာရှိ ၁၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ ဦး အညံ့ခံ ခဲ့ကာ ၁၁ ဦးသေဆုံး၍ လေးဦးဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း KNU ဗဟိုက မတ်လ ၂၀ ရက် ယနေ့ သတင်းထုတ်ပြန်သည်။

စာတည်း။ ။စောဖေ