တို့ဆေးသုံးပြီး ကလေးဖမ်းတယ်ဆိုတဲ့ သူရဲ့ ပုံဟာ ပုံအဟောင်းဖြစ်

ZZ

မဇ္ဈိမ ။ ။ ရန်ကုန်မှာ တို့ဆေးသုံးပြီး ကလေးဖမ်းတယ်ဆိုတဲ့သူကို ဖမ်းဆီးရမိခဲ့တဲ့ပုံတွေ ဖေ့စ်ဘုတ်မှာ ပျံ့နှံ့နေပါတယ်။

“ဂျမဒါ မင်းဒင်” ဆိုတဲ့အကောင့်ကနေ မတ် ၁၁ ရက်နေ့က “ဟိုတနေ့ကလှည်းတန်းကတို့ဆေး ကောင်ပြန်လွတ်လာပါတယ်။ဒီမနက်ပဲ ၇ မိုင် မီးပွိုင့်က ဈေးရောင်းနေတဲ့ကလေးမလေးကို တို့ဆေးနဲ့ဖမ်းသွားပါတယ်။ ကံကောင်းတာက ၆မိုင်ခွဲအရောက်မှာကလေးမရဲ့ဦးလေးနဲ့တိုးပြီး ဟိုကောင်ထွက်ပြေးတာ အဲ့နားရပ်ကွက်ကအကိုတွေဝိုင်းဖမ်းလို့မိပါတယ်။” လို့ (မူရင်းအရေးအသားအတိုင်း) ဓာတ်ပုံ နှစ်ပုံနဲ့အတူ ရေးသားဖြန့်ဝေခဲ့ပါတယ်။

ပုံထဲမှာတော့ လက်နောက်ပစ် ကြိုးချည်ထားပြီး လည်ပင်းကိုလည်း ကြိုးပတ်ထားတဲ့ သူတစ်ဦးကို ကားပေါ်မှာ ဆိုင်ကယ်တစီးနဲ့အတူ တွေ့ရတာပါ။ ဒီပို့ကို ပြန်လည်မျှဝေသူ ၁၈၀၀ ကျော်ရှိနေပါပြီ။
အခြားသော ဖေ့ဘုတ်အကောင့်တွေကနေလည်း ဒီပုံနဲ့ စာသားကို ပြန်လည်ကူးယူဖော်ပြပြီး ဖြန့်ဝေနေတာတွေကြောင့် ဒီအကြောင်းအရာဟာ ယနေ့အထိ ပျံ့နှံ့နေတာတွေ ရှိနေပါတယ်။

မဇ္ဈိမ အချက်အလက် စစ်ဆေးသူတွေဟာ ဒီပို့စ်မှာပါဝင်တဲ့ပုံကို စစ်ဆေးကြည့်ခဲ့တဲ့အခါမှာ ၂၀၁၈ ခုနှစ်က ပုံအဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်။
၂၀၁၈ခုနှစ် မေလမှာ တောင်ကြီးမြို့နယ် ပေါမူရွာမှာ အိမ်တံခါးကို ဖျက်ပြီး ပစ္စည်းနဲ့ ကားခိုးယူတဲ့ သူခိုးကို ရွာသားတွေက ဝိုင်းဖမ်းမိပြီး ရဲလက်ထဲ အပ်လိုက်တဲ့ ဖြစ်စဉ်က တရားခံရဲ့ ပုံပဲ ဖြစ်ပါတယ်။

ဒီသတင်းကို သစ်ထူးလွင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားသလို themeltinpot4you ဆိုတဲ့ ဝက်ဘ်ဆိုဒ်မှာလဲ ဖော်ပြထားပါတယ်။
လင့် – https://shorturl.at/sLZ24 , https://shorturl.at/qB256

ဒါ့အပြင် အချက်အလက် စစ်ဆေးတဲ့ အဖွဲ့တခုဖြစ်တဲ့ Boom Myanmar ကနေလည်း “တို့ဆေးသုံးပြီး ကလေးဖမ်းသူမိတယ်ဆိုတဲ့ သတင်းအမှား” ဆိုပြီး ဒီသတင်းဟာ သတင်းမှားဖြစ်ကြောင်းကို ဖော်ထုတ်ထားပါတယ်။ လင့် – https://shorturl.at/hOT26

ဒါ့ကြောင့် တို့ဆေးသုံးပြီးကလေးဖမ်းတဲ့ သူရဲ့ပုံဆိုတာ ၂၀၁၈ ခုနှစ်က တောင်ကြီးမြို့ကဖြစ်စဉ်မှာ အဖမ်းခံခဲ့ရတဲ့ တရားခံရဲ့ ပုံဖြစ်နေတာကြောင့် ဒီသတင်းဟာ အရင်ကပုံအဟောင်းကိုယူသုံးပြီးဖြန့်ဝေထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာ တို့ဆေးကိစ္စဟာလဲ ပြည်သူလူထုကြားမှာ စိုးရိမ်စရာကိစ္စတစ်ခုလိုဖြစ်နေတာကို ဖေ့စ်ဘုတ်ပေါ်မှာ တကယ်ကြုံတွေ့ရသူတွေက ဖြန့်ဝေကြပေမယ့် ကျူးလွန်သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ် ဖမ်းထားတယ်လို့တော့ မတွေ့ရသေးပါဘူး။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။