CDM ‌ကျောင်းဆရာမ ၁ ဦး အကြမ်းဖက်မှု ဥပဒေပုဒ်မဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

ကိုခင်မောင်

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ တွန်းဇံမြို့က အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ထားသော ကျောင်းဆရာမတဦးကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) က မတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် မတ်လ ၁၃ ရက်နေ့တွင် တွန်းဇံမြို့နယ်တရားရုံးမှ ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

မြို့နယ်အခြေခံပညာရေးဦးစီးဌာနမှ CDM လုပ်ထားသော အသက် ၂၃ နှစ်အရွယ် မူလတန်းပြဆရာမ ဒေါ်ဝုန်ဟွဲကိမ်ကို ခေါ်ဝုန်ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားပြီး နှစ်လခန့်အကြာတွင် ထိုသို့ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

“အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂(က)တို့နဲ့ ပြစ်ဒဏ်ချမှတ် လိုက်တာလို့ သိရတယ်။ ပြီးတော့ အထက်မိန့်ချတာဆိုပြီး အခုလိုချမှတ်လိုက်တာလို့ သိရပါတယ်” ဟု တွန်းဇံမြို့နယ် (ပအဖ) တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လုပ်ထားသော ကျောင်းဆရာကို ယခုလိုနှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်သော စစ်ကောင်စီ၏ တရားစီရင်ရေးအပေါ် တွန်းဇံဒေသတဦးကလည်း ဝေဖန်သည်။

“စစ်တပ်အာဏာသိမ်းတော့ CDMလုပ်တာပါ။ တခြားဘာမှ လုပ်ထားတာမရှိပါဘူး။ အဲ့တာကိုဖမ်းဆီးပြီး မတရားပြစ်ဒဏ်တွေချမှတ်လိုက် လွန်လွန်းပါတယ်။ စကစကတော့ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။” ဟု တွန်းဇံဒေသခံတဦးက ပြောသည်။

ကျောင်းဆရာမနှင့်အတူ ဖမ်းဆီးခံရသော NGO ငှက်ဖျားတိုက်ဖျက်ရေးဌာနတွင် အလုပ်လုပ်ကိုင်နေသည့် ဖခင်ဖြစ်သူ အသက် ၅၃ နှစ်အရွယ် ဦးထန်လျန်းပေါင်ကိုလည်း စစ်ကောင်စီက ထောင်ခုနစ်ချမှတ်လိုက်ကြောင်း တွန်းဇံမြို့နယ် (ပအဖ) ထံမှ သိရသည်။

ထိုသို့ စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ဒဏ်ချမှတ်ခြင်းကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း တွန်းဇံမြို့နယ် (ပအဖ) က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသော ချင်းပြည်နယ်၊ တွန်းဇံမြို့ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လူပေါင်း ၂၆,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယင်းအထဲက လူပေါင်း၂၀,၀၀၀ ခန့်သည် လက်ရှိအချိန်ထိ စစ်ကောင်စီတပ်၏ အကျဉ်းထောင်များတွင် ဖမ်ဆီးထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်